ယွမ်ငွေ ၂သောင်းဖြင့် တရုတ်မယား အဖြစ် ရောင်းစားခဲ့သူကို မန္တလေးခရိုင် တရားရုံး က ထောင်ဒဏ် ၁၀နှစ် အမိန့်ချမှတ်

မန္တလေး၊စက်တင်ဘာ၂၇

အမျိုးသမီးတစ်ဦးကို မူဆယ်တွင် အလုပ်လုပ်ရမည်ပြောပြီး တရုတ်နိုင်ငံဘက်သို့ တရုတ်မယားအဖြစ် ရောင်းစားခဲ့သူကို ထောင်ဒဏ် ၁၀နှစ် ကျခံစေရန် မန္တလေးခရိုင် တရားရုံး က အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။

၂၀၁၈ခုနှစ် ဧပြီလ အတွင်းက အောင်မြေသာစံမြို့နယ်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံရပြီးနေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ လူကုန်တားရဲတပ်ဖွဲ့က သွားရောက်စုံစမ်းပြီး၊ရောင်းစားခဲ့သူကို ဖော်ထုတ် ဖမ်းဆီးကာ အောင်မြေသာစံမြို့မရဲစခန်း(ပ)၂၀၆/၂၀၁၈၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ-၂၄အရ အမှုဖွင့်တရားစွဲဆိုခဲ့သည်။

ရဲစစ်ချက်များအရ ကျူးလွန်သူမှာ အသက် ၄၈နှစ်အရွယ် ဒေါ်စန်းစန်းဝင်း ဖြစ်ကြောင်း၊သူမသည် အဆိုပါ မိန်းခလေးငယ်ကို မူဆယ်တွင် အလုပ်လုပ်ရမည်ဟု ပြောဆိုစည်းရုံးခဲ့ကာ၊တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း၊ယင်းနောက် ယွမ်ငွေ ၂သောင်းဖြင့် တရုတ်မယားအဖြစ် ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ထိုအမှုကို ခရိုင်တရားရုံးက အချိန် ၅လယူကာ စစ်ဆေးပြီး စက်တင်ဘာ ၂၁ရက်နေ့က ယင်းပြစ်ဒဏ်ကို အမိန့်ချလိုက်ခြင်းဖြစ်သည်။

နိုင်ငံတွင် လူကုန်ကူးမှု ဖြစ်စဉ်များထဲ တရုတ်မယားအဖြစ် ရောင်းစားခံရသည့် ဖြစ်စဉ်များမှာ အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ပြောဆိုထားသည်။

PN

Source:Popular News Journal

 

Loading...

Facebook Comments