မုံရွာမြို့တွင် အမျိုးသမီးဘော်ဒါဆောင်အနီး ကျောင်းသား ၂ ဦး ဓားထိုးခံရ

မုံရွာမြို့တွင် အမျိုးသမီးဘော်ဒါဆောင်အနီး ကျောင်းသား ၂ ဦး ဓားထိုးခံရမှု ဖြစ်ပွား

စက်တင်ဘာ၂၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ယနေ့ စက်တင်ဘာလ ၂၁ ရက် ည ၉ နာရီကျော်အချိန်က မုံရွာတက္ကသိုလ်အနီး ရေကူးကန်လမ်း ပညာရိပ်မွန် အမျိုးသမီး ဘော်ဒါ ဆောင်အနီးမှာ ဂစ်တာတီးနေတဲ့ ကျောင်းသားအုပ်စုထဲက ကျောင်းသား(၂)ဦး ဓားဖြင့် ထိုးခံခဲ့ရကြောင်း သိရသည်။

တက္ကသိုလ်ကျောင်းသားအုပ်စု ဂစ်တာတီးနေစဉ် ဆိုင်ကယ်ဖြင့် လူ ၂ ဦးရောက်ရှိလာပြီး လူ၁ ဦးက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းသို့ ဓားထိုးမှုကြောင့် မုံရွာတက္ကသိုလ်တွင် ဘူမိဘာသာတတိယနှစ်တွင် ပညာသင်ကြားနေ နေထူးအောင်ဆိုသူမှာ ဝဲ/ယာ ရင်ဘက် ထိုးသွင်းဒဏ်ရာ၊ဝဲ/ယာ လက်ဖျံ ခုတ်ထွင်း ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပြီး၊ သိပ္ပံသာဘာ စတုတ္ထနှစ် ကျောင်းသား စန်းသော်တွင် ဝဲဘက်လက်ကောက်ဝတ်ထိုးသွင်းဒဏ်ရာ (၁)ချက်၊လည်ပင်းအောက် ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့က အမှောင်ထဲမှာ ဂစ်တာတီးနေတာ လည်း မဟုတ်ဘူး။ အလင်းရောင်ထဲမှာ ဂစ်တာတီးနေတာပါ ။ ဆိုင်ကယ်နဲ့ လူနှစ်ယောက်ရောက်လာပြီး အဲ့ဒီအထဲက တစ်ယောက်က ဓားနဲ့ ထိုးသွားတာ ဘယ်သူဘယ်ဝါမှန်းလည်း မသိပါဘူး ။ ကျွန်တော်တို့ အဖွဲ့က ၇ ယောက်လောက်ရှိပါတယ် ။ ဘယ်သူမှန်းကို မသိပါဘူး ” ဟု ဂစ်တာတီးအဖွဲ့ထဲတွင် ပါဝင်သည့်ကျောင်းသားတစ်ဦးက ပြောသည်။

အဆိုပါ ဓားထိုးခံရသည့် တက္ကသိုလ်ကျောင်းသား ၂ ဦးသည် စာမေးပွဲဖြေဆိုနေသည့် ကျောင်သားများဖြစ်ကာ ဟုမ္မလင်းမြို့ တစ်ဖက်ကမ်း ကတ်သာကျေးရွာမှ ရှမ်းတိုင်းရင်းသားများ ဖြစ်ပြီး လတ်တလော မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယခုညတွင် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ဓားထိုးဒဏ်ရာ လူနာ (၂)ဦး၊ အရက်မူးပြီး လမ်းလျှောက်နေသူ (၁)ဦးကို အမည်မသိသူမှ ရိုက်သွား၍ ခေါင်းပေါက်ဒဏ်ရာဖြင့် စုစုပေါင်း (၃)ဦး ရောက်ရှိခဲ့ကြောင်း မုံရွာပြည်သူ့ဆေးရုံကြီး ပြင်ပလူနာ လူနာမှတ်တမ်း စာရင်းများအရသိရသည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်သည် မုံရွာမြို့ပြ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်း၍ လှည့်ကင်းလှည့်လှည်မှုဟာ (၁၂)ရက်မြောက်နေ့ ဖြစ်ကြောင်း သိရသည်။

Bhone Naing Phyo & Kyaw Min Tun

Loading...

Facebook Comments