ကလေးမွေးနေသော မွေးလူနာလင်မယားအား အရင်ခင်ပွန်းဟောင်းက ဆေးရုံထဲအထိဝင်ရောက်ကာ ဓားဖြင့်ထိုးမှုဖြစ်ပွား

21.9.2018

စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ခန္တီးမြို့တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ သားဖွားနေသည့် မွေးလူနာအမျိုးသမီးနှင့်ခင်ပွန်းကို အရင်ခင်ပွန်းဟောင်းဖြစ်သူက ဆေးရုံထဲအထိဝင်ရောက်ပြီး ဓားဖြင့်ထိုးသွားခဲ့ကြောင်း သတင်းရရှိသည်။

အခင်းဖြစ်ပွားပုံမှာ စက်တင်ဘာလ ၂၀ ရက် ည ၁၁ နာရီခန့်က ခန္တီးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ၌ ကလေးမွေးနေသော မဇင်မာဝင်းထံသို့ လွန်ခဲ့သောတစ်နှစ်ခန့်က ကွာရှင်းထားခဲ့သော ၎င်း၏ခင်ပွန်းဟောင်းဖြစ်ခဲ့ဖူးသည့် ဝေဖြိုး(ခ)ပေါက်ကြီး ၃၅ နှစ်သည်ဆေးရုံမွေးလူနာအဆောင်အထိဝင်ရောက်ရှိလာပြီး အသင့်ပါလာသည့်ဓားဖြင့်ထိုးသွားခဲ့သည့်အပြင် မဇင်မာဝင်း၏လက်ရှိခင်ပွန်း ကိုသန့်ဇော်ဦးကိုလည်း ဓားဖြင့်ထိုးသွားခဲ့ကြောင်း ခန္တီမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“မဇင်မာဝင်းက ဆေးရုံမှာကလေးမွေးတာအခုမှ ၃ ရက်ပဲရှိသေးတယ်။အဲဒါကို သူမရဲ့အရင်ယောက်ျားဝေဖြိုး(ခ)ပေါက်ကြီးကဆိုသူက ဆေးရုံအခန်းထဲအထိဝင်လာပြီး ပါလာတဲ့ဓားနဲ့ထိုးသွားခဲ့တာပေါ့။ ပြီးတော့ လူနာစောင့်ဖြစ်တဲ့မဇင်မာဝင်းရဲ့လက်ရှိယောကျာ်း ကိုသန့်ဇင်ဦးကိုလည်း ဓားနဲ့ထိုးလိုက်တဲ့အတွက် လင်မယားနှစ်ယောက်လုံး ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့ကြတယ်။ ဒဏ်ရာကတော့ပြင်းထန်တယ်ဆိုပေမဲ့။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” ဟု ခန္တီးမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့သို့ ဓားဖြင့်အထိုးခံလိုက်ရသည့်အတွက်ကြောင့် ကိုသန့်ဇော်ဦး ၂၁ နှစ်၌ ဘယ်လက်မောင်းပြတ်ရှဒဏ်ရာ(မစိုးရိမ်)ရရှိသွားခဲ့ပြီး မဇင်မာဝင်း၏ ၀ဲဝမ်းဗိုက်(စိုးရိမ်ရ)ပြတ်ရှဒဏ်ရာ ရရှိသွားခဲ့သဖြင့် ယင်းဆေးရုံမှာပင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

“ဘာလို့ဓားနဲ့ထိုးလဲဆိုတာကတော့ စုံစမ်းစစ်ဆေးနေဆဲပါပဲ။ လတ်တလောစစ်ဆေးသိရှိထားချက်အရ ပြောပြရရင်တော့ မဇင်မာဝင်းနဲ့ပြစ်မှုကျူးလွန်သူ ဝေဖြိုး(ခ)ပေါက်ကြီးမကွာရှင်းခင်အချိန်တုန်းက သားလေးတစ်ယောက်ထွန်းကားခဲ့တယ်။ အခုအဲဒီကလေးက ၄ နှစ်လောက်ရှိပြီ။ သူ့အဖေဝေဖြိုး(ခ)ပေါက်ကြီးကပဲ ပြုစုစောင့်ရှောက်နေတာပေါ့ဗျာ။ အဲဒါကို မဇင်မာဝင်းကတစ်ချက်မှ ပြန်မကြည့်တဲ့အပြင် နောက်ယောက်ျားယူပြီး ကလေးတစ်ယောက်ထပ်ရတဲ့အပေါ် အမျက်ထွက်မကျေနပ်တဲ့အတွက် အခုလိုဓားနဲ့လာထိုးသွားတဲ့ပုံပါ” ဟု အမှုစစ်ရဲအရာရှိကသုံးသပ်သွားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် ဝေဖြိုး(ခ)ပေါက်ကြီး ၃၅ နှစ်အား ခန္တီးမြို့မရဲစခန်းက ဖမ်းဆီးထားပြီး (ပ)-၈၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၂၄/၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း-ဓာတ်ပုံ-ဒါးဇ(အကုန်သိ သတင်းဌာန)

Loading...

Facebook Comments