MLM အမှုနောက်ကွယ်က အမှုဆောင်အရာရှိတွေကို တရုတ် ထောင်ချ

စက်တင်ဘာ ၂၁ – ယွမ်

ဘီလျံလေးဆယ်အထိ လည်ပတ်ခဲ့တဲ့ ပွန်ဇီစနစ် ခေါ် ဆင့်ပွားဈေးကွက်ဖြန့်ချိတဲ့စနစ် (MLM) ကိုဦးဆောင်ပြီး လိမ်လည်ခဲ့သူ ၁၀ယောက်ကို တရုတ်တရားရုံး တစ်ရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ယင်းလုပ်ငန်းပြိုလဲမှုကြောင့် အထိနာခဲ့တဲ့ရင်းနှီးမြုပ်နှံသူတွေ ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး တရုတ်နိုင်ငံမှာ ဟိုးလေးတကျော် သတင်းကြီးခဲ့ပါတယ်။

ချုံဂျင်းကတ်ပီတယ်နဲ့ ဆက်နွယ်ကုမ္ပဏီတွေကို တည်ထောင်ခဲ့သူ ရှူချင်းကို ရှန်ဟိုင်းအမှတ်-၂ ခရိုင်ပြည်သူ့တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီး အခြားစီရင်ချက် ၉ခုကလည်း ထောင်ဒဏ် ငါးနှစ်ကနေ ၁၀နှစ် ကြား ရှိကြောင်း ရှန်ဟိုင်းဒေလီး သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ချုံဂျင်းအင်ပါယာဟာ မြန်မြန်ဆန်ဆန်ကြီးထွားလာပြီး ရှန်ဟိုင်းရဲ့ဈေးကြီးပြီး သမိုင်းဝင်တဲ့ ဘန်း ဆိုတဲ့နေရာမှာတောင် ရုံးတစ်ရုံးကို ဖွင့်လှစ်ခဲ့ပြီး အချိန်တိုအတွင်း အမြတ်ငွေနှစ်ဆရအောင်လုပ်ပေးမယ်လို့ရင်းနှီးမြုပ်နှံသူတွေကို ဖြားယောင်းခဲ့ပါတယ်။

ဒါပေမဲ့ ချမ်းသာအောင်မြင်တဲ့ပုံရိပ်ဟာ ၂၀၁၆ အစောပိုင်းမှာ ထိုးကျခဲ့ပြီးနောက် ရှူအပါအဝင် ချုံဂျင်းမှ ခေါင်းဆောင် ၂၁ ယောက်ကို မတရားတဲ့နည်းလမ်းနဲ့ငွေရှာမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ချုံဂျင်းကုမ္ပဏီတွေဟာ ကြွယ်ဝတောင့်တင်းတဲ့ကုမ္ပဏီတွေဖြစ်ကြောင်း လူတွေ ယုံကြည်အောင် အွန်လိုင်းနဲ့ တီဗီမှာ ကြော်ငြာသလို ပရိုမိုးရှင်းတွေ လုပ်တာနဲ့ အမြတ်မကျန်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ရှူနဲ့ အခြားကိုးယောက်က ပြောကြားခဲ့ကြောင်း ရှန်ဟိုင်းဒေးလီးမှာ ဖော်ပြထားပါတယ်။ရှန်ဟိုင်းကနေ လေယာဉ်နဲ့ထွက်ပြေးဖို့ကြိုးစားနေချိန် ၂၀၁၆ ဧပြီ ၄ရက်မှာ ရှူကို ထိန်းသိမ်းခဲ့တယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။

အဆိုပါ ၁၀ဦးဟာ ရင်းနှီးမြုပ်နှံသူ ၁၂၀၀၀ကျော်ကို ယွမ် ၄.၈ ဘီလျံ ပေးဖို့ အကြွေးတင်နေသေးတယ်လို့ ဆိုပါတယ်။ သူတို့ပိုင်ဆိုင်မှုတွေနဲ့ ကုမ္ပဏီပိုင်ဆိုင်ပစ္စည်းတွေကို အကြွေးပေးချေနိုင်ဖို့အတွက် ချိတ်ပိတ်ထားပါတယ်။

နှင်းသန့်
Ref: Reuters. Sep 20, 2018
Credit ;Kumudra

Loading...

Facebook Comments