ဓားရှည် ၂ လတ်ကိုင်ဆောင်၍ မူးယစ်ရမ်းကား နေသူအား သွားရောက် ထိန်းသိမ်းရာမှ ဓားနှင့် ခုတ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

မန္တလေး၊ စက်တင်ဘာ ၁၅

ဓားရှည် ၂ လတ်ကိုင်ဆောင်၍ မူးယစ်ရမ်းကား နေသူအား သွားရောက် ထိန်းသိမ်းရာမှ ဓားနှင့် ခုတ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမှုတစ်ခု ပျော်ဘွယ်တွင် ယနေ့ညနေပိုင်းကဖြစ်ပွားခဲ့သည်။

ယနေ့ ညနေ ၅ နာရီ ၅၀ အချိန် ပျော်ဘွယ်မြို့နယ်၊ ကုန်းသာအုပ်စု၊ ကုန်းသာကျေးရွာနေ ရဲအောင်(ခ) ကိုရဲ (၂၅ နှစ်)သည် ဓါးရှည် ၂ လက်ကိုင်ဆောင်၍ အနီးပတ်ဝန်းကျင်နှင့် ကျေးရွာအတွင်းရှိ လူများအား မူးယစ်ရမ်းကားနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖုန်းဆက်အကြောင်းကြားသဖြင့် ရွှေညောင်ဖူးနယ်မြေရဲစခန်းမှ စခန်းမှူး ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထိန်းသိမ်ခဲ့သည်။

ထိုသို့ထိန်းသိမ်းရာတွင် ရဲအောင်(ခ)ကိုရဲ၏နေအိမ်ရှေ့အရောက် အုပ်ချုပ်ရေးမှူးအဖွဲ့မှ လှမ်းခေါ်စဉ် နေအိမ်တံခါးအား တွန်းဖွင့်၍ လက်နှစ်ဖက်တွင် ဓါးရှည် ၂ လက်အသင့်ကိုင်ဆောင်လျက် ရွှေညောင်ဖူး နယ်မြေရဲစခန်းမှူးအား ပြေးခုတ်ရာ စခန်းမှူးမှ ရှောင်တိမ်းလိုက်စဉ် အနီးရှိ ရဲတပ်သား မှ သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရသည်။

ထိုသို့ပစ်ခတ်ခဲ့ရာတွင် ရဲအောင်(ခ)ကိုရဲ ၏ ယာဘက် လက်ပြင်အောက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရွှေညောင်ဖူးဆေးရုံသို့ ပို့ဆောင်စဉ် ညနေ ၆ နာရီ ၄၀ အချိန် သေဆုံးသွားသဖြင့် ရွှေညောင်ဖူး နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဲအောင်(ခ)ကိုရဲမှာ ရမည်းသင်းထောင်မှ လွတ်လာသည်မှာ မကြာသေးကြောင်း ကျေးရွာတွင်လည်း မကြာခဏ ဆူပူရမ်းကားမှုများ ပြုလုပ်လေ့ရှိသူတစ်ဦးဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Source – Mandalay Police

Loading...

Facebook Comments