ဂန့်ဂေါမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းတစ်ဦး မူးယစ်မှုနဲ့ ဖမ်းဆီးခံရတဲ့အမှုကို ဖြစ်စဉ်မှန်အတိုင်းဖြစ်ဖို့ မကွေးဝန်ကြီးချုပ် ညွှန်ကြား

စက်တင်ဘာ ၊ ၁၅

ဂန့်ဂေါမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး တစ်ဦး မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်ဖို့ တိုင်းရဲတပ်ဖွဲ့ကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ညွှန်ကြားလိုက်ပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီး ဂန့်ဂေါက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကလည်း ဖုန်းလှမ်းဆက်တယ်။ ဒီကလေးမလေးက မတရားခံရတာပါ ဆိုပြီးတော့ပေါ့။ နောက်တစ်ခါ Facebook မှာလည်း မတရားခံရတာ သတင်းတွေ တက်နေတယ်။ အဲဒီမှာလည်း တရားခံက ဘယ်သူဆိုတာလည်း ထောက်ပြကြတာပေါ့နော်။

နောက်တစ်ခါ ဒါနဲ့ ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် ပေါ်ပေါက်ဖို့ကို တိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်။ ဥပဒေမှာလည်းပဲ အပြစ်ရှိတဲ့ လူတစ်ယောက် လွတ်ရင် လွတ်ပါစေ။ အပြစ်မရှိတဲ့ လူတစ်ယောက်ကို မှားယွင်းပြီး အပြစ်ပေးခံရတာ မဖြစ်စေရဘူးဆိုတဲ့ ဆုံးမစကားရှိတယ်။ ပြောချင်တာကတော့ ဒါလောက်ပါပဲ”လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆိုပါတယ်။

ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်သန်းသန်းမြင့်ဟာ စက်တင်ဘာ ၁၁ ရက်နေ့က ဂန့်ဂေါမြို့နယ် တရားရုံးမှာ ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ နဲ့နေပြည်တော်တိုင်းမ်မှ အယ်ဒီတာချုပ် ဦးဝရိန်မိုးကို တရားစွဲဆိုထားတဲ့ အမှုကို ရင်ဆိုင်ပြီး ပြန်လာစဉ် ဂန့်ဂေါ-ကလေးလမ်း၊ စိုင်ဒူတံတားအနီး မြို့အ၀င်ဂိတ်မှာ ရဲတပ်ဖွဲ့က သတင်းအရလို့ဆိုကာ သူမစီးနင်းလာတဲ့ ဆိုင်ကယ်ကို ရှာဖွေရာမှ စိတ်ကြွဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီလိုမူးယစ်ဆေးဝါးတွေ တွေ့ရှိဖမ်းမိတဲ့အပေါ် မြို့ခံပြည်သူလူထုကတော့ ဆရာမဟာ လုပ်ကြံခံလိုက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်သန်းသန်းမြင့်ဟာ ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှာ ငါးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့တဲ့ သုံးလ၀န်းကျင်မှ စတင်ကာ ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်။

Credit : Channel B Media Group

Loading...

Facebook Comments