နေပြည်တော်တွင် ငွေကျပ်သိန်း(၁၉၀) ခိုးယူသူ ကားပွဲစားအား (၄၈)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

၉.၄.၂၀၁၉ ရက်နေ့ ၀၉၃၀ အချိန် ဦးသန်းဇော်စိုး ပုဗ္ဗသီရီမြို့နယ်နေသူသည် ဥတ္တရသီရိမြို့နယ်၊ ကမ္ဘောဇဘဏ် (၁) သို့ ဇနီးနှင့် ယောက္ခမဖြစ်သူတို့နှင့်အတူ ၄င်း၏ယာဉ် YGN/5D-4848 Parado ခဲရောင်ဖြင့် ငွေထုတ်ရန်ရောက်ရှိခဲ့ပြီး ၄င်း၏ဘဏ်ငွေစာရင်းစာအုပ်မှ သိန်း(၁၄၀)ကျပ်၊ ယောက္ခမဖြစ်သူ၏ ဘဏ်ငွေစာရင်းစာအုပ်မှ သိန်း (၅၀)ကျပ် စုစုပေါင်း သိန်း(၁၉၀)ကျပ်အားထုတ်ယူခဲ့သည်။ ထို့နောက် အိုးရှင်းစင်တာသို့ဈေးဝယ်ရန်သွားရောက်ခဲ့ပြီး ကားတံခါးသော့ပိတ် လော့ချကာ ဈေးဝယ်ထွက်ခဲ့ကြောင်း၊ (၄၅)မိနစ်ခန့်ကြာ ဈေးဝယ်ပြီး (၁၁း၀၀)နာရီအချိန်တွင်နေအိမ်သို့ပြန်ရောက်ပြီးနောက် ကာနောက်ခန်းတွင်ထည့်ထားသည့် ငွေထုပ်ကို မတွေ့ရသဖြင့် ဇနီးဖြစ်သူအားမေးမြန်းရာ ဇနီးဖြစ်သူမှလည်း ကားပေါ်မှချထားခြင်းမရှိကြောင်း ပြောပြသိရှိရ၍ သိန်း(၁၉၀)ကျပ်ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဦးသန်းဇော်စိုးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဘုရားကုန်းမြို့မရဲစခန်း (ပ)၂၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံအား စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် နေပြည်တော်ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားသည့် ဥတ္တသီရိမြို့နယ်၊ အိုးရှင်းစင်တာ ကားပါကင်နှင့် ပတ်ဝန်းကျင်အား အသေးစိတ်ကြည့်ရှုစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ရှိလုံခြုံရေးတာဝန်ကျဝန်ထမ်းများ၊ ကယ်ရီဂိတ်၊ ဈေးဆိုင်တန်းများအား စုံစမ်းမေးမြန်းခြင်းများဆောင်ရွက်ခဲ့ရာ တရားလို ဦးသန်းဇော်စိုး စီးနှင်းလာသည့် Parado ခဲရောင်ယာဉ်အနီးတွင် ရပ်တန့်ထားသည့် 2M-6529 ဟွန်ဒါဖစ်အနက်ရောင်ယာဉ်တစီးပေါ်မှ အမျိုးသားတဦးဆင်းလာပြီး Parado ယာဉ်အတွင်းမှ အထုတ်(၁)ထုတ်အားယူဆောင်၍ ထွက်သွားကြောင်း စုံစမ်းသိရှိရသဖြင့် တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ရာ ၁၁.၂.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ Junction Center တောင်ဘက်ကားပါကင်တွင် မသင်္ကာယာဉ် 2M-6529 ဟွန်ဒါဖစ်အနက်ရောင်ယာဉ် ရပ်တန့်ထားကြောင်းသိရှိရသဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်ပိုင်ရှင် မင်းဆက်မောင်မောင်(၂၉)နှစ်၊ ကားပွဲစား၊ ရန်အောင်(၁)ရပ်ကွက်၊ ပျဉ်းမနားမြို့ နေသူဖြစ်ကြောင်းသိရှိရ၍ ဘုရားကုန်းမြို့မရဲစခန်းသို့ခေါ်ဆောင်ပြီး အမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့ပါသည်။

မသင်္ကာသူ မင်းဆက်မောင်မောင်မှ ၄င်းသည်လုပ်ငန်းအဆင်မပြေသည့် အခြေအနေနှင့်တွေ့ ကြုံနေရ၍ ငွေကြေးအခက်အခဲဖြစ်ပေါ်နေကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် ဥတ္တသီရိမြို့၊ ကမ္ဘောဇဘဏ်(၁)သို့ရောက်ရှိချိန်တွင် အမျိုးသားတဦးမှာ ငွေထုတ်အားကိုင်ဆောင်၍ Parado အနက်ရောင်ယာဉ်အတွင်းသို့ထည့်၍ မောင်းနှင်ထွက်ခွာသွားသည်ကိုတွေ့ရ၍ နောက်မှကားဖြင့်လိုက်ပါခဲ့ကြောင်း၊ အိုးရှင်းစင်တာကားပါကင်သို့ ရောက်ရှိချိန်တွင် ၄င်းအမျိုးသားမှာ ငွေထုတ်အားယူဆောင်ခြင်းမပြုဘဲ ကားပေါ်မှ ဆင်းသွားသည်ကိုတွေ့ရ၍ ၎င်းလည်း Parado ကားရှိရာသို့ သွားရောက်ခဲ့ကြောင်း၊ Parado ခဲရောင်ယာဉ်၏ အရှေ့ဘက်ခြမ်း၊ လက်ယာဘက်တံခါးအားဖွင့်ကြည့်ရာ ပွင့်သွားသည်ကိုတွေ့ရသဖြင့် ယာဉ်အတွင်းမှငွေထုတ်အားယူဆောင်ပြီး နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ငွေထုတ် အားရေတွက်ခဲ့ရာ ငွေကျပ်(၁၉၀)သိန်းရှိကြောင်းထွက်ဆိုသဖြင့် မင်းဆက်မောင်မောင်အား အမှုဖြင့်ဖမ်းဆီးပြီး အမှုမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းကာ အမှုအား ခိုင်မာစွာ တည်ဆောက်ပြီး အမြန်တရားစွဲ တင်ပို့နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထွန်း(နေပြည်တော်) Credit : News Watch

Loading...

Facebook Comments