နွံထဲနစ်နေတဲ့ ဆင်လေးခြောက်ကောင်ကို ထိုင်းတပ်ဖွဲ့ဝင်တွေက အောင်မြင်စွာ ကယ်တင်ပေးခဲ့

ဘန်ကောက်၊ မတ် ၃၀

မိဘတွေနဲ့ ကွဲပြီး နွံအိုင်ထဲမှာ နစ်နေကြတဲ့ ဆင်လေးခြောက်ကောင်ကို ထိုင်း ရိန်းဂျားတပ်ဖွဲ့ဝင်တွေက ကယ်တင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။

ဘန်ကောက်မြို့အရှေ့ပိုင်းက အမျိုးသားဥယျာဉ်တစ်ခုထဲမှာဖြစ်ပွားခဲ့တာလို့ ဥယျာဉ်ရဲ့ တာဝန်ရှိသူကပြောပါတယ်။

ရိန်းဂျားတပ်ဖွဲ့ဝင်တွေ ကယ်တင်လိုက်တဲ့ ဆင်ပေါက်လေးတွေဟာ အသက်(၁)နှစ်ကနေ (၄)နှစ်သားအတောအတွင်းအရွယ်တွေဖြစ်ပြီး သူတို့နစ်နေကြတဲ့ နွံအိုင်ထဲကနေပြန်မတက်တတ်ကြပါဘူး။ ဒါကို ကင်းလှည့်လာတဲ့ ရိန်းဂျားတပ်သားတွေကတွေ့ခဲ့ကြတာပါ။ တပ်ဖွဲ့ဝင်တချို့ဟာ မြေတူးစရာ ကိရိယာတွေပြန်ယူပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေကတော့ နေရာမှာချန်နေရစ်ခဲ့ပြီး ဆင်လေးတွေကို ညလုံးပေါက် စောင့်ကြည့်နေခဲ့ကြပါတယ်။

”ကျွန်တော်တို့အဖွဲ့သားတွေဟာ ပေါက်ပြားတွေ တူရွင်းတွေပြန်ယူပြီး နောက်တစ်နေ့မနက်ဖြစ်တဲ့ ကြာသပတေးနေ့မနက်မှာ အဲဒီနေရာကိုပြန်ရောက်လာကြပါတယ်။ ရောက်တာနဲ့ နွံအိုင်ထဲက ရေတွေကို ဖောက်ထုတ်ဖို့ တူးကြရတော့တာပဲ”လို့ တပ်ဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

နွံအိုင်ထဲကရေတွေစီးနိုင်မယ့် ရေလွှဲမြောင်းတစ်ခုကို သုံးနာရီလောက်ကြာအောင်တူးပြီးလို့ ရေတွေထွက်သွားတဲ့အခါမှာတော့ နွံထဲနစ်နေတဲ့ ဆင်လေးတွေကို တစ်ကောင်ချင်းစီ ကယ်ထုတ်ရပါတယ်။ ရွှံ့တွေလူးနေတဲ့ ဆင်လေးတစ်ကောင် ဒယိမ်းဒယိုင်နဲ့ တက်လာတိုင်း အားလုံးက ၀မ်းသာအားရ အားပေးခဲ့ကြပါတယ်။

”တက်ကွ တက်ကွ လာထားကွ။ ကောင်လေးတွေ တစ်ကောင်နောက်က တစ်ကောင်လိုက်ကြကွ” စသည်ဖြင့် အားပေးကြတာတွကို သူတို့ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

အဲဒီ ဘေးမဲ့ဥယျာဉ်ထဲမှာ အကောင် ၃၀ လောက်ပါတဲ့ ဆင်အုပ်တစ်အုပ်ရှိပါတယ်။ ဒီဆင်လေး ခြောက်ကောင်ဟာ အဲဒီဆင်အုပ်ကနေ ကွဲထွက်လာကြတာပဲဖြစ်မယလို့ ဥယျာဉ်တာဝန်ရှိသူကပြောပါတယ်။

”ဒီကောင်လေးတွေ နွံထဲနစ်နေကြတာ အနည်းဆုံးတော့ ၂ ရက်လောက်ရှိနေပြီထင်တယ်။ ဘာလို့လဲဆိုတော့ နွံထဲကလဲ လွတ်ရော သူတို့ခြေထောက်တွေဟာ သိပ်မထောက်နိုင်ကြတော့ဘူးလေ”လို့လဲ သူကပြောပါတယ်။

PN
Ref: Stranded baby elephants rescued by Thai rangers

Loading...

Facebook Comments