မုဒြာရဲ့ခေါ်သံကို မကြားချင်ဟန်ဆောင်ခဲ့တဲ့ အကယ်ဒမီ

မရေးချင်ပေမယ့် ရေးရဦးပြန်တော့မယ်။၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ဆုပေးပွဲကြီး ပြီးဆုံးသွားပါပြီ။ ပွဲမစခင်ကတည်းက ဆုရရှိသူတွေရဲ့ အမည်စာရင်းအပြည့်အစုံ online မှာ ပြန့်နေလို့ စောင့်ကြည့်ရမှာ feel ကျဲသလိုလိုရှိပေမယ့် စိတ်၏ဆင်းရဲခြင်းကို မိမိဘာသာရှာတဲ့ ဝဋ်ကြွေးမကုန်သေးတဲ့အတွက် အစအဆုံး ကြည့်လိုက်မိပြန်တယ်။

အခမ်းအနားကျင်းပပုံနဲ့ ဆက်စပ်တဲ့ အားနည်းချက်တွေကိုတော့ အသေးစိတ် မပြောချင်တော့ဘူး။ထုံးစံအတိုင်း host လုပ်တဲ့သူတွေရဲ့ ဖိတ်ခေါ်စကားပြောချိန် နဲ့ ဆုရရှိသူတက်လာတဲ့ timing တွေ လွဲနေတာ၊ မိုက်တွေက အသံမထွက်တာတွေစတဲ့ လွဲနေကျ အလွဲတွေအပြင် ဒီနှစ်မှာ ထူးထူးခြားခြား host တွေရဲ့ မလိုအပ်တဲ့ အာပလာအပိုစကားပြောတာတွေပါ ပိုလာတာတွေ့ရပါတယ်။

ဒါတွေကတော့ နားလည်ပေးလို့ ရပါတယ်။ဆုပေးပွဲမှာ အခမ်းအနား ကျင်းပခြင်းထက် ဆုရွေးချယ်ပေးအပ်မှုအပိုင်းက တကယ့်အနှစ်သာရပဲ ဖြစ်တဲ့အတွက် ဆုပေးတာကိုပဲ ဝေဖန်ပါတော့မယ်။ရုပ်ရှင်လောကကို ဘာမှ လောက်လောက်လားလား အကျိုးပြုခြင်း မရှိတဲ့၊ အနုပညာသည်လို့လည်း မခေါ်ထိုက်တဲ့ မျက်နှာပြောင်သူ အချို့ကို ပွဲတက်ခွင့်ပြုခဲ့တာကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ သမိုင်း နဲ့ သိက္ခာတရားပါပဲ။

လက်မှတ်ပြန်ရောင်းတာပဲဖြစ်ဖြစ်၊ မသမာတဲ့ နည်းလမ်းနဲ့ ပေးခဲ့တာပဲဖြစ်ဖြစ် အများကဲ့ရဲ့ဝေဖန်နေတဲ့ကြားက ဒီလူတွေကို ပြတ်ပြတ်သားသား မစိစစ်၊ မတားမြစ်ဘဲ ပွဲတက်ခွင့်ပြုခဲ့တာကလည်း ဘယ်လိုပဲ အကြောင်းပြချက်ပေးပေး ရုပ်ရှင်အစည်းအရုံးကသာ တာဝန်ယူရမှာဖြစ်ပါတယ်။ ဒီလူတွေကို နေရာပေးရတဲ့အတွက် ပွဲတက်ခွင့်ဆုံးရှုံးသွားတဲ့ တကယ့်ရုပ်ရှင်ပညာသည်တွေကို မျက်နှာမပူလားလို့ပဲ မေးချင်ပါတယ်။

မနှစ်ကထက်ပိုပြီး…….

အမှန်ဝန်ခံရရင် ဒီနှစ်အကယ်ဒမီဆုပေးပွဲကို ဖြောင့်မတ်မှန်ကန်လာလိမ့်မယ်လို့ မဝံ့မရဲ ယုံကြည်ခဲ့ပါသေးတယ်။ မနှစ်က ဆုပေးပွဲအပြီး ဂယက်ရိုက်ခဲ့တဲ့ group chat က အတင်းတုပ်စကားတွေ ဖွင့်ချခံလိုက်ရတော့ အရှက်ကွဲသူတွေလည်းကွဲ၊ ဖာသူတွေလည်းက ဖာခဲ့ ကြပြီးပါပြီ။

အဲဒီအကျိုးဆက်ကြောင့် ရုပ်ရှင်လောကသားဆိုသူတွေထဲက တချို့တဝက်ရဲ့ စိတ်ရင်းအမှန်ကို ပရိသတ်တွေ သိလိုက်ရပြီး ထိုးဖောက်ဖန်တီးမှုကို လက်တွဲမခေါ်လိုတဲ့ မစ္ဆိရိယတွေကိုလည်း သက်သေသက္ကာယနဲ့တကွ သိလိုက်ကြရတာကိုး။အဲဒီကိစ္စကြောင့် ဒီနှစ်တော့ သူတို့တွေ ပိုရှက်တတ်လာမယ်၊ ရထိုက်သူကို ပေးရဲတဲ့ သတ္တိနည်းနည်း ရှိလာမယ်၊ အစဉ်အလာကို ထိုးဖောက်ပြီး ပြင်ဆင် လာကြမယ်၊ပရိသတ်အသံကို နားထောင်လာကြမယ်လို့ တကယ်ပဲ မျှော်လင့်ခဲ့တာပါ။

ရှင်းအောင်ပြောရရင် မနှစ်က ထူးပိုင်ဇော်ဦးရဲ့ ”ည” ရုပ်ရှင် ခံစားခဲ့ရသလို လုံးလုံးလျားလျား ပစ်ပယ်ခြင်း မခံရတော့ဘဲ မုဒြာရဲ့ခေါ်သံ နဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်နှစ်ကားကို တစ်စုံတစ်ခုသော အသိအမှတ်ပြုမှုလေးတော့ ဒီနှစ် ပေးတော့မယ်လို့ မျှော်လင့်ခဲ့ပါတယ်။အခု ပွဲပြီးတဲ့အခါမှာတော့ အဲဒီနှစ်ကားလုံး ဆုမရတဲ့အပြင် ဆုတွေ ပေးသွားတဲ့ပုံကလည်း ပရမ်းပတာဆန်လွန်းတာ မျက်မြင်ပါပဲ။

ရုပ်ရှင်တွေထဲကို ရုပ်ရှင် ထပ်ရိုက်ခြင်း

အားလုံးသိတဲ့အတိုင်း ဒီနှစ်အကယ်ဒမီပွဲက နည်းနည်းလေးမှ ရင်ခုန်စရာ မကောင်းခဲ့ပါဘူး။ ပွဲမစခင်ကတည်းက ကြိုပေါက်ကြားနေတဲ့ ဆုရရှိသူစာရင်း နဲ့ ပွဲကျင်းပနေတုန်းတက်လာတဲ့ ဆုရရှိသူစာရင်းထဲက အတိုင်းပဲ ကွက်တိထပ်တူ ဆုရသွားကြပါတယ်။ သူတို့တွေလည်း သိပြီးသားဖြစ်နေကြောင်း တချို့က အင်တာဗျူးမှာ ဖြေသွား ကြပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် အခုလိုဆုရရှိသူ စာရင်းကြီး ကြိုပေါက်နေတာတော့ အတော်ရုပ်ပေါက်ပါတယ်။ တနိုင်ငံလုံးက ပရိသတ်တွေ စိတ်ဝင်တစားနဲ့ ရင်ခုန်စောင့်စားကြည့်ရှုရတဲ့ ရသ နဲ့ ခံစားချက်ကို လုံးဝပျက်စီးသွားစေပါတယ်။မနှစ်ကလည်း ဒီလိုပဲ ကြိုပေါက်နေတာ ရှိပေမယ့် အခုလောက်မဆိုးခဲ့ပါဘူး။

အခုတော့ အားလုံးကြိုသိနေတဲ့ result တွေကို တခမ်းတနား live လွှင့်ပြီး စင်မြင့်ပေါ်မှာ အိတ်ဖွင့်ဖောက်ဖတ်၊ သိနေရဲ့သားနဲ့ အံ့အားသင့်ဟန်တွေ လုပ်ပြ၊ စိတ်လှုပ်ရှားပြ၊ suprise ဖြစ်ပြနေတာတွေဟာ ရုပ်ရှင်ကို ရုပ်ရှင်ထပ်ရိုက်နေသလား မှတ်ရပါတယ်။ ငယ်ငယ်က ကြားဖူးခဲ့တဲ့ ပုဝါနီကြီး ဇာတ်လမ်းလိုပဲ။

ကျော်ဟိန်း သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားပေါ့။ ကျော်ဟိန်းက မျက်နှာမှာ ပုဝါနီ မျက်နှာဖုံးပတ်ပြီး ဂျပန်တွေကို ဝင်ချတယ်။ ရွာသားတွေက ပုဝါနီ ဘယ်သူလဲ သိချင်နေကြ၊ ပဟေဠိဖြစ်နေကြတယ်ပေါ့။ ရုပ်ရှင်ကြည့် ပရိသတ်က မျက်နှာဖုံးဘယ်လိုစွတ်စွတ်၊ ပုဝါနီဟာ ကျော်ဟိန်းမှန်း အကုန်သိနေကြတယ်တဲ့။

ဒါရိုက်တာ နဲ့ ရုပ်ရှင်ထဲက လူတွေကပဲ ပုဝါနီကြီး ဘယ်သူလဲဆိုပြီး တကားလုံး ပဟေဠိဖြစ်နေကြတယ်တဲ့။ အခုလည်း ပုဝါနီဇာတ်လမ်း ရိုက်နေတာပါပဲ။ ပရိသတ်တွေအားလုံး ကြိုသိနှင့်နေပြီးသား ကိစ္စကို သူတို့တွေက ဟာ၊ ဟင်နဲ့ အံ့အားသင့် ပြကြ၊ feel တွေတက်နေကြတာဟာ ရုပ်ရှင်ဆုပေးပွဲ ပီသပါရဲ့လို့ပဲ ပြောချင်ပါတော့တယ်။

တစစနဲ့ ရုပ်လုံးပေါ်လာတယ်

ဒီဆုပေးပွဲကို နှစ်ပိုင်းခွဲပြီး ပြောရရင် မင်းသမီးကြီးဒေါ်မြင့်မြင့်ခင်ကို တသက်တာဆုပေးလိုက်တဲ့ အစီအစဉ်အထိပဲ စိတ်ဘဝင်ချမ်းမြေ့ စရာ ရှိပါတယ်။ သူ့အသက်အရွယ်နဲ့ သူ့စွမ်းဆောင်မှုတွေအရ ဒီဆုကတော့ ခြွင်းချက်မရှိ ထောက်ခံအားပေးရမယ့်ဆုပါ။ အဲဒီနောက် မှာတော့ အတတ်ပညာဆုတွေ၊ အနုပညာဆုတွေ တစ်ခုပြီးတစ်ခု ပေးလာရင်း ပေးလာရင်း သံသယဝင်ချင်လာပါတယ်။

သူတို့တွေ ဆုပေးသွားနေပုံက တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ရှောင်ကွင်းပြီး ရွေးပေးနေပုံပဲ။ ညဏ်ထင်ရိုက်တဲ့ Dimensions ဇာတ်ကားကို နောက်ခံတေးဂီတဆုပေးလိုက်တော့ နည်းနည်းပြန်ပြီး မျှော်လင့်လာမိပြန်တယ်။ခေတ်ပေါ်တေးဂီတတွေပဲ ဇောင်းပေးတီးထားတဲ့ ဒါရိုက်တာအသစ်ရဲ့ကားကို ပေးလိုက်တာဆိုတော့ အပြောင်းအလဲ တစ်ခု ဖြစ်လာနိုင်တယ်ပေါ့လေ။ ကောင်းတာ မကောင်းတာထက် အသစ်တွေကို အသိအမှတ်ပြုတယ်ဆိုတဲ့ မှုန်ပျပျ အလင်းလေးကို မြင်လိုက်ရသလိုပဲ။

အဲဒီနောက် ဇာတ်ညွှန်းဆုကို ရွှေကြာ နဲ့ ဝိုင်း ကို ပေးချလိုက်တော့ ပြောင်ပြောင်တင်းတင်းကို ညစ်ကြပြီဟလို့ သိလိုက်ရပါတော့တယ်။ ရွှေကြာဟာ မဲပြာပုဆိုးဒိုင်ယာလော့ခ်တွေနဲ့ ကြားဖူးနေကျ ပြဇာတ် ဆန်ဆန် အိုဗာတင်းတွေ ပြည့်နှက်နေတဲ့ ခေါက်ရိုးကျိုးရုပ်ရှင်ကားဆိုတာ အသိသာကြီးပါ။

ဝိုင်းရဲ့ ဇာတ်ညွှန်း တကယ်ကောင်းတယ်ပဲ ထားဦး၊ ဒါရိုက်တာမဟုတ်တဲ့ တခြားဇာတ်ညွှန်းသမားသက်သက် လုပ်ကိုင်သူတွေကို မပေးဘဲ ဝိုင်းကို ဇာတ်ညွှန်းဆု ပေးလိုက်ပုံဟာ အပြင်းစားရိုက်ချက်ကြီးပါ။ ဟိုးတနှစ်က မြိုင်ရာဇာတာတေရုပ်ရှင် ကားမှာ leading role ဖြစ်တဲ့ လူမင်းကို ဇာတ်ပို့ဆိုဆိုပြီး ကြံဖန် ပေးထည့်လိုက်ပုံကို ပြန်ပြောင်းအောက်မေ့မိစေပါတယ်။

ဇာတ်ညွှန်းဆုပေးပြီးကတည်းက နောက်ပေးမယ့် ဆုတွေအပေါ် ဘာမှ မမျှော်လင့်တော့ပါဘူး။ ပြီးတော့ မြန်မာ့ရုပ်ရှင်ဆုပေးပွဲရဲ့ တမူထူးခြားတဲ့ စတန့်တစ်ခုအနေနဲ့ ဇာတ်ကားဆုကို အလယ်ခေါင်မှာ ဖောက်ပြီး ပေးပါတယ်။ ကမ္ဘာကျော် အော်စကာဆုပေးပွဲ၊ရွှေကမ္ဘာလုံးဆုပေးပွဲမှာတောင် ဇာတ်ကားဆုကို နောက်ဆုံးမှ ပေးလေ့ရှိကြပါတယ်။

ဟိုးအနောက်ခြမ်းနဲ့ မနှိုင်းနဲ့ ဝေးတယ်လို့ ပြောရင် အိမ်နီးနားချင်း အိန္ဒိယရုပ်ရှင်ဆုပေးပွဲတောင်မှ ဇာတ်ကားဆုကို ဘိတ်ဆုံးကျမှ ပေးပါတယ်။ ဇာတ်ကားဆုရတဲ့ ရုပ်ရှင်ထဲက သရုပ်ဆောင် နဲ့ ဒါရိုက်တာတွေဟာ ဆုရကြတာများလို့ နောက်ဆုတွေကို ခန့်မှန်းရ မလွယ်အောင် အရေးပါတဲ့ ဇာတ်ကားဆုကို အစီအစဉ်နောက်ဆုံး ကျမှ ပေးလေ့ရှိတာပါ။

အခုတော့ ဆုပေးပွဲကြီးတစ်ခုလုံးရဲ့ အချုပ် အရေးကြီးဆုံးဆုဖြစ်တဲ့ ဇာတ်ကားဆုကို အစီအစဉ်အလယ်နားမှာ ဖောက်ပေးတယ်။အဲဒီလို ကို့ယို့ကားယားဖောက်ပေးတာမျိုး အရင် ကလည်း တစ်ကြိမ်လုပ်ခဲ့ဖူးတာ မှတ်မိနေပါတယ်။

မအံ့သြတော့တဲ့ဆုတွေ

ဇာတ်ကားဆု ရွှေကြာ နဲ့ ဒါရိုက်တာဆု သြရသ (မုန်းစွဲ) တို့ ရသွားတဲ့အပေါ် မအံ့သြမိတော့ဘူး။အလားတူပဲ အမျိုးသားဇာတ်ပို့ဆု နဲ့ အမျိုးသမီးဇာတ်ပို့ဆုတွေအပေါ်လည်း ဘာမှ မပြောချင်တော့ပါဘူး။ဒီနှစ်မှာ ဇာတ်ပို့ဆုပေးဖို့ ရွေးချယ်စရာ အတော်နည်းခဲ့တယ်လို့သာ ဖြည့်တွေးပေးရမှာပါ။အမျိုးသမီးဇာတ်ဆောင်ဆုကို ရွှေကြာရုပ်ရှင်နဲ့ ဖွေးဖွေးကို ပေးလိုက်တာကတော့ ဇာတ်ညွှန်းဆုထက်တောင် ပိုပြီး ရုပ်ပေါက်တဲ့ ဆုံးဖြတ်ချက်ပါ။

ဇာတ်ဆောင်ဆုကို ပိုင်ဖြိုးသုပဲ ရမယ်လို့ ရုပ်ရှင်တကယ်ကြည့်တတ် သူတွေ နဲ့ တစ်ဖက်ပိတ်မဟုတ်သူ ပရိသတ်တွေက ယုံကြည်ထားခဲ့ ကြတာပါ။ ”မီ” ရုပ်ရှင်ဟာ ဆရာမကြီးကြည်အေးရဲ့ စာပေလက်ရာ ကောင်းတစ်ခုဖြစ်ခဲ့ပြီး ရုပ်ရှင်အဖြစ် ပြန်ပုံဖော်ရာမှာလည်း သစ္စာရှိခဲ့တာ၊ ပရိသတ်အပေါ် စေတနာ ဘယ်လောက်ထားခဲ့တယ်ဆိုတာ ရုပ်ရှင်လေ့လာသူတိုင်း သိကြပါတယ်။ပရိသတ်လည်း လက်ခံခဲ့ကြ၊ အားပေးခဲ့ကြပါတယ်။

အခုနောက်ပိုင်း စာပေလက်ရာမွန်တွေကို ရုပ်ရှင်ပြန်ရိုက်ရင် ဝေဖန်ခံ၊ အဆဲခံရတာများပေမယ့် ”မီ”ကတော့ အပြစ်အနာအဆာအနည်းဆုံး ဖန်တီးမှုတစ်ခုပါပဲ။ ရွှေကြာရုပ်ရှင်မှာ ဖွေးဖွေးရဲ့ ဇာတ်ရုပ်က သရုပ်ဆောင်လေ့မရှိကြတဲ့ ဇာတ်ရုပ်မျိုးဆိုပေမယ့် acting အပိုင်းမှာ ဖွေးဖွေးရဲ့ အတွေ့အကြုံနဲ့ ဆိုရင် ဘာမှ ခက်ခက်ခဲခဲ အားထုတ်စရာမလိုတဲ့ အနေအထားပါ။

ပြောချင်တာက acting ကောင်းတာချင်းတူရင်တောင် ကြိုးပမ်း အားထုတ်ရမှုအပိုင်းမှာ ပိုရုန်းကန်ကြိုးစားခဲ့ရတဲ့ ပိုင်ဖြိုးသုကို ဦးစားပေးလိုက်ရင် ဘာဖြစ်သွားမှာမို့လဲ။ဖွေးဖွေးဟာ လက်ပံရုပ်ရှင်မှာ ကတည်းက ပြဇာတ်ဆန်ဆန် heavy drama တွေ ပိုင်နိုင်ပြီးသားပါ။သူ လုပ်တတ်ပြီးသား acting တွေကိုပဲ ပြန်လုပ်ပြနေသူနဲ့ ရုပ်ရှင်လောကမှာ ရှားပါးတဲ့ ဇာတ်ဆောင်စရိုက်မျိုးကို အားထည့်ပြီး ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သူ နှစ်ယောက်အနက် ဘယ်သူ့ကို ပိုအသိအမှတ်ပြုသင့်ပါသလဲ။

ပြောရရင် ပိုင်ဖြိုးသုနဲ့ မယှဉ်ဘဲ ဖွေးဖွေးကို ဖွေးဖွေးနဲ့ပဲ ယှဉ်ရင်တောင် သူလုပ်နေကျ မဟုတ်တဲ့ မုန်းစွဲရုပ်ရှင် ထဲက ဇာတ်ရုပ်ကမှ ပိုပြီးဆုပေးထိုက်သေးတယ်လို့ ထင်ပါတယ်။ဖွေးဖွေးကို ဆုရစေခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကို ထုတ်နူတ်ပြသတာကို ကြည့်ရချိန်မှာ ပိုတောင်စိတ်ပျက်မိပါရဲ့။ကလပ်မှာ မူးပြီး ဝင်ကတဲ့ အခန်း၊ အခြားအမျိုးသမီးတယောက်နဲ့ ဇာတ်ဝင်ခန်း(ဖွေးဖွေးက ချာကနဲ လှည့်ထွက်သွားရုံပဲ သရုပ်ဆောင်ရပါတယ်၊

စကားပြောပြီး သရုပ်ဆောင်ရတာက တခြားအမျိုးသမီးသရုပ်ဆောင်ပါ)၊ ပြီးတော့ ပလက်ဖောင်းပေါ်မှာ ငိုင်တွေတွေနဲ့လမ်းလျှောက်တဲ့အခန်း၊ကလေး တွေ ဆော့ကစားတာကို ကြည့်နေပုံကို နောက်ကျောကနေ ရိုက်ပြထားတဲ့အခန်း၊ အလင်းရောင်နဲ့ အပြန်အလှန် စကားပြောခန်းအဲဒါတွေကိုပဲ ပြသသွားပါတယ်။

အကယ်ဒမီပေးထိုက်စရာ ဘာပါသလဲလို့ ပြန်မေးချင်မိတယ်။အလင်းရောင်ကို (ငါက ဖာလေ)လို့. ပြောလိုက်တာကိုပဲ အရသာတွေ့သွားသလား သူတို့ပဲ သိပါမယ်။ ဒီလို acting တွေဟာ ဖွေးဖွေးအတွက် ထူးထူးကဲကဲ အားထုတ် စရာမလိုဘူးဆိုတာ ဖွေးဖွေးပရိသတ်တွေ ပိုသိပါလိမ့်မယ်။

အမျိုးသားဇာတ်ဆောင်ဆုကို သူထူးစံ ပေးလိုက်တာကလည်း နားလည်ဖို့ အတော်ခက်ပါတယ်။ဆန်ကာတင်လေးယောက်မှာ နေတိုး၊သူထူးစံ၊ဇဏ်ခီ နဲ့ အလင်းရောင် လေးယောက်ပါလာတယ်။ အမှန် ပြောရရင် ဇဏ်ခီအနေနဲ့ အမျိုးသားဇာတ်ဆောင်ဆုရဖို့အထိတော့ မဖြစ်နိုင်သေးဘူး ထင်တာပဲ။

ပြီးတော့ မုဒြာရဲ့ ခေါ်သံ ဇာတ်ကားမှာ ထက် ဒုတိယကားဖြစ်တဲ့ ဥပါယ်တံမျဉ်မှာ သရုပ်ဆောင်ပိုကောင်း တယ်လို့ လက်ခံထားကြတော့ nomination မှာ ဇဏ်ခီကို မုဒြာ ဇာတ်ကားနဲ့ တင်လာတော့ အိမ်ဖြည့်သက်သက် ကြည့်ကောင်းရုံ သဘောမျိုးထည့်ပေးလိုက်တာလို့ နားလည်လိုက်ပြီး မျှော်လင့်မနေ တော့ပါဘူး။

နေတိုးနဲ့ ပြိုင်ရမယ့် သူထူးစံကလည်း သမန်းကျားဇာတ်ကားထဲမှာ အကယ်ဒမီရလောက်စရာ လုပ်ကွက်မျိုး မရှိလေတော့ မုန်းစွဲမှာ ဇာတ်ရုပ်အမျိုးမျိုးလုပ်ခွင့်ရတဲ့ နေတိုးပဲ ရသွားမယ်လို့ ထင်ထားခဲ့တာပါ။သူထူးစံကို ပေးလိုက်တဲ့အပိုင်းမှာ နှစ်မျိုးစဉ်းစားလို့ ရတယ်။ ပထမတစ်ချက်က အကယ်ဒမီပွဲတွေမှာ လုပ်နေကျဖြစ်တဲ့ အလှည့်ကျပုံစံမျိုး ပေးလိုက်သလား။

ဒုတိယတစ်ချက်က ဇဏ်ခီကို လုံးဝ မပေးဘူးဆိုတာ ပြချင်လို့ သူထူးစံကို တမင်ပေးပစ်လိုက်သလား။ ပထမတစိချက်ပဲ ဖြစ်ဖို့များမယ်။သူထူးစံဟာ သရုပ်ဆောင်ဘဝမှာ ဖြတ်သန်းခဲ့မှုကာလအရရော၊ ကိုယ်တိုင်လည်း အရည်းအချင်း ရှိသင့်သလောက်ရှိတဲ့ မင်းသားတစ်ယောက်မို့ အလှည့်ကျစနစ်မျိုးနဲ့ ပေးမယ်ဆိုရင် ရချိန်တန်နေပါပြီ။

တကယ်လည်း သမန်းကျားမှာ သူသရုပ်ဆောင်ထားတာတွေ ပြန်ပြလိုက်တော့ အကယ်ဒမီရစရာ အိုက်တင်မျိုး မရှိပါဘူး။ သူ အရင်က ဒါ့ထက်ကောင်းတဲ့ သရုပ်ဆောင်မှုမျိုး လုပ်ခဲ့တာ ဗီဒီယိုခေတ်က သူ့ ပရိသတ်တွေ အသိဆုံးပါ။အမှန်တော့ ဆုပေးရလောက်အောင်ထိ မရောက်ခဲ့တဲ့ကားမှာ သူထူးစံကို ဆုပေးလိုက်တာဟာ သူ့အတွက် ရော နေတိုးအတွက်ပါ မကောင်းပါဘူး။

သူထူးစံအနေနဲ့ ပရိသတ် fandom အားတောင့်တဲ့ နေတိုးကို ကျော်လွန်ပြီး ရတဲ့အတွက် အဆဲခံရရုံပဲ ရှိမယ်။ တစ်ဖက်ကလည်း နေတိုးရဲ့ ကြိုးပမ်းထားမှုကို မလေးစားရာ ကျပါတယ်။popluarအဖြစ်ဆုံးမင်းသားကို ကျော်ပြီး ဘယ်သူမှ ထင်မထားတဲ့ သူထူးစံကို ဆုပေးလိုက်တာဟာ မုဒြာ၊ မီ၊ ဥပါယ်တံမျဉ် ရုပ်ရှင်တွေကို နင်းချေလိုက်မှုကို အာရုံလွဲစေအောင် တမင်တကာ ဆင်လိုက်တဲ့ distraction တစ်ခုများလား စဉ်းစားစရာပါပဲ။

ဘယ်လိုမူတွေနဲ့ ဆုရွေးချယ်သလဲ

ရုပ်ရှင်ဆုပေးဖို့အကဲဖြတ်သူတွေဟာ အခုနှစ်အတွက် အကယ်ဒမီဆုတွေ ရွေးချယ်ရာမှာ တပြေးညီတသတ်မှတ်တည်း ဖြောင့်မှန်တဲ့ မူမထားခဲ့ဘူးလို့ပဲ မြင်ပါတယ်။ Dimensions ကားကို နောက်ခံ တေးဂီတဆုပေးလိုက်တာဟာ မူတစ်မျိုး။ ဖွေးဖွေးကို ဆုပေးရာမှာ မူတစ်မျိုး၊ ဝိုင်းကို ဆုပေးရာမှာ မူတစ်ခု၊ သူထူးစံကို ဆုပေးရာမှာ မူတစ်မျိုး စသဖြင့် အမျိုးစုံကြိုးခုန်ပြီး မျက်စိလည်အောင် ရွေးချယ် သွားတာ သတိထားမိတယ်။

အလှည့်ကျပေးတဲ့မူ၊ ဖန်တရောတေ cliche တွေကို ပေးတဲ့မူ၊ဟိုကမရရင် ဒီကရအောင် လှည့်ပေးတဲ့ မူ၊ခါတိုင်းရွေးချယ်နေကျ ပျစ်ပျစ်နှစ်နှစ် drama တွေ၊ အကျိုးပြုလိုလို၊ ပညာပေးသလိုလိုဟာကို ပေးတဲ့မူ စသဖြင့် အတော်ကို ရှုပ်ထွေးနက်နဲတဲ့ မူဝါဒတွေနဲ့ ဆုတွေပေးသွားပါ။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ပရိသတ်အားပေးမှုလည်းရ၊ အနုပညာပိုင်းအရလည်း အများလက်ခံခဲ့တဲ့ မုဒြာ၊မီ၊ဥပါယ်တံမျဉ် ဇာတ်ကားတွေကိုတော့ သစ္စာရှိစွာနဲ့ ရှောင်ကွင်းလစ်လျှူရှုခဲ့ကြတာပါပဲ။

နည်းနည်းလေးတော့ အားနာကြပါဦးလား

ကျွန်တော် မှတ်မိသလောက်ဆိုရင် မုဒြာခေါ်သံရုပ်ရှင်ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဆယ်ပွဲထက်မနည်း သွားရောက်ပြသခဲ့ပြီး အားပေးလက်ခံမှု ရရှိခဲ့တဲ့ ဂုဏ်ယူစရာ မြန်မာ့ရုပ်ရှင်အစစ်ပါ။စပိန်၊မက္ကဆီကိုလို နိုင်ငံတွေမှာတောင် သွားပြခဲ့ပြီး ဂုဏ်ပြုဆုတွေနဲ့ အသိအမှတ်ပြုခံခဲ့ရပါတယ်။

နိုင်ငံခြားသွားပြတယ်ဆိုလို့ ရောတော့ မကြိတ်ကြပါနဲ့။ စင်္ကာပူလို မြန်မာတွေပေါတဲ့ နေရာမှာ သွားပြပြီး၊ မြန်မာတွေပဲ ဝင်ကြည့်တာကိုပဲ နိုင်ငံတကာသွားပြရတယ်ဆိုပြီး feel တက်နေတဲ့ အဆင့်မြင့်ပေါကားမျိုး မဟုတ်ဘဲ သူများဆီမှာ ကောင်းပေ့၊ညွှန့်ပေ့ဆိုတဲ့ indie ရုပ်ရှင်တွေနဲ့ အပြိုင်သွားပြတာကို ပြောချင်တာပါ။

ကဲ ထားပါတော့။မုဒြာရဲ့ခေါ်သံဟာ မြန်မာရုပ်ရှင်အကယ်ဒမီဆုရဲ့ စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးပဲထားဦး၊ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ရင်ထဲမှာ မုဒြာကို လက်မခံနိုင်ဘူးပဲ ထားဦး၊ ဒါမှမဟုတ် ဖန်တီးသူ ခရစ္စတီးနားခီတို့ကို လက်မခံချင်တာပဲ ထားဦး၊ ကိုယ့် နိုင်ငံရဲ့အလှ၊ ကိုယ့်နိုင်ငံအကြောင်းကို အနုပညာစေတနာအပြည့်နဲ့ ရိုက်ကူးပြီး နိုင်ငံတကာမှာ ဂုဏ်ယူစွာသွားပြခဲ့တဲ့ ရုပ်ရှင်ကားကို ဆုကြီးတွေ မပေးချင်ရင်တောင် အထူးဆုလိုဟာမျိုးလေး ပေးပြီး အသိအမှတ် တစ်ခုပြုလိုက်ရင် မြန်မာ့ရုပ်ရှင်လောကကြီး သိက္ခာတွေ ကျဆင်း သွားမှာစိုးလို့လား။

ဒါမှမဟုတ် လူဟောင်းတွေနဲ့ တွဲပြီး နှစ်ဆုစီ ပေးလိုက်ရင်ရော ဘာဖြစ်သွားမှာမို့လဲ။အရင်ကဆိုလည်း ဒါရိုက်တာဆု နှစ်ဆု၊ သရုပ်ဆောင်ဆုနှစ်ဆုတွေ ပေးခဲ့ကြသေးတယ်မို့လား။ခီမောင်နှံတို့၊ ဏကြီး၊ ပိုင်ဖြိုးသု၊ထူးပိုင်ဇော်ဦး၊ အာကာတို့လည်း ရုပ်ရှင်ကို ချစ်တဲ့ ပညာသည်တွေပါပဲ။

သူတို့ထဲက ဘယ်သူကများ လက်ရှိမြန်မာ့ရုပ်ရှင်လောကကို ဖျက်ဆီးမယ်၊ ပေါကားဒါရိုက်တာ သရုပ်ဆောင်တွေကို ထမင်းအိုးခွဲမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဒီရုပ်ရှင်လောကကို ဝင်လာခဲ့လို့လဲ။သူတို့လည်း သူတို့ပညာနဲ့ သူတို့ ရှုထောင့်ကနေ သူတို့အမြင်နဲ့ မြန်မာ့ရုပ်ရှင်ကို ပခုံးနဲ့ ထမ်းမပြီး မြှင့်တင်ပေးနေကြတာ မဟုတ်ဘူးလား။ အတွေးသစ်၊အမြင်သစ် တွေနဲ့ ကြိုးစားရုန်းကန်နေသူတွေကို လက်တွဲခေါ်ဖို့ ပူးပေါင်းကြဖို့ဆို ဝေးရော။

ခွင်ထဲကနေ နှိမ့်ချမယ်၊ဦးချိုးမယ်၊ အဖက်မလုပ်ဘူး၊ဒီလို မစ္ဆရိယစိတ်တွေနဲ့ မြန်မာ့ရုပ်ရှင် တိုးတက်မြင့်မားအောင် လုပ်မယ်၊ ပူးပေါင်းဆောင်ရွက်မယ်၊လက်တွဲအဖြေရှာမယ်ဆိုတဲ့ စကားတွေက တစ်နှစ်တစ်ခါ အကယ်ဒမီပေးပွဲမှာ စင်ပေါ်တတ်ဖတ်တဲ့ စကားလုံး တွေပဲ ဖြစ်နေမှာပေါ့။ဒီလောက် အော်ဟစ်ဝေဖန်နေတဲ့ ပရိသတ်နဲ့ လူငယ်ရုပ်ရှင်ပညာသည်တွေကို အားနာကြပါဦးလား။

အခုလို ဦးချိုးတဲ့အကျင့်တွေသာ မပြင်ရင် နောက်တက်လာဦးမယ့် မျိုးဆက်သစ်လူငယ်တွေ ဘယ်လိုသတ္တိမျိုးနဲ့ ဝင်တိုးကြရပါ့မလဲ။ အပြောင်းအလဲကို ပါးစပ်ကသာ အော်နေကြပြီး အပြောင်းအလဲကို လက်ခံဖို့ သတ္တိမရှိသူတွေ၊ comfort zone မှာ ပျော်နေသူတွေ၊ နေရာဖယ်မပေးချင်သူတွေနဲ့ ဒီလောကရဲ့ အနာဂါတ်က မြူနှင်းတွေ အုံ့ဆိုင်းလို့သာ….။ အဝင်ဝမှာ အင်တာဗျူးတွေ လုပ်တော့ ဘယ်မင်းသားမင်းသမီးကများ ဇဏ်ခီတို့ကို mention လုပ်ပြီး သတိတရ ချီးကျူးကြပါသလဲ။အချင်းချင်းပဲ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ လှည့်ပြီး ချီးမွမ်းသွားကြတာမဟုတ်လား။

ကြည့်လို့မကောင်းတဲ့ပွဲ

ခြုံငုံပြောရရင် ဒီနှစ်အကယ်ဒမီဆုပေးပွဲကြီးဟာ ဒိုင်တွေညစ်နေတဲ့ အားကစားပွဲတစ်ပွဲကို ကြည့်ရသလိုပါပဲ။အသင်းစွဲမရှိဘဲ အားပေးတဲ့ပရိသတ်တောင် ဒိုင်ညစ်တဲ့ပွဲဆိုရင် ကြည့်ရတာ အရမ်းစိတ်ပျက် ဖို့ကောင်းပါတယ်။ကွင်းထဲမှာ ငါ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး နည်းလမ်းစုံနဲ့ ညစ်တယ်။

ဒိုင်ညစ်ခံရတဲ့ ၊ အနှိမ်အခံရတဲ့ အသင်းဟာ ဘယ်လိုသန့်ရှင်းစွာပဲ ကစားကစား၊ ဘယ်လောက်ပဲ စွမ်းရည်ရှိရှိ အနိုင်ရဖို့ မလွယ်တော့ပါဘူး။ပရိသတ်တွေမှာလည်း ညစ်နေမှန်းသိရက်နဲ့ ဘာမှ ဝင်မစွတ်ဖက်သာပဲ အော်ဆဲရင်ဆဲ၊ မဆဲချင်ရင် မကြည့်ဘဲ ထပြန်ရုံသာပဲပေါ့။

ဒီနှစ်အကယ်ဒမီပွဲကို အစအဆုံး ကြည့်မိတာနဲ့ ပတ်သက်လို့ စိတ် တိုမိသူ ရှိသလို မဲ့ရာကနေပြုံးလာအောင် လုပ်ပေးတဲ့သူလည်း ရှိလို့ နိဂုံးစာပိုဒ်မှာ မှတ်တမ်းတင်ပါရစေ။ စိတ်တိုမိသူကတော့ ရုပ်ရှင် အစည်းအရုံးလည်း မဟုတ်၊ ဆုအကဲဖြတ်အဖွဲ့လည်း မဟုတ်ပါဘူး။ FIFA လို့ ခေါ်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ပါ။ FIFA အစီအစဥိအရ ဒီတစ်ပတ် weekend မှာ ဥရောပလိဂ်ဘောလုံးပွဲတွေ နားကြပြီး စိတ်ဝင်စားစရာမကောင်းတဲ့ နိုင်ငံပွဲတွေ ကန်ကြပါတယ်။

အဲဒီတော့ ကြည့်စရာဘာမှ မရှိတဲ့အခါ အကယ်ဒမီဆုပေးပွဲကိုပဲ အစအဆုံး ထိုင်ကြည့်ဖြစ်သွားပါတယ်။ပုံမှန်ဆို ဒီလိုစနေညမျိုးမှာ အင်္ဂလန် Premeir Leauge ဘောလုံးပွဲကန်နေကျမို့ အကယ်ဒမီပေးပွဲ လာနေရင်တောင် EPL ဘောလုံးပွဲပဲ ရွေးကြည့်ဖြစ်မှာပါ။အခုတော့ ဒေါသဖြစ်စရာ၊အာရုံနောက်စရာ ဒီပွဲကို ကြည့်မိတော့ မကျေမချမ်း စာတွေ ရေးနေရတာနဲ့ မအိပ်ရတော့ဘူး။ ဒါကြောင့်မို့ ဒီအခြေအနေ ဖြစ်အောင် ဖန်တီးခဲ့တဲ့ လက်သည်တရားခံ FIFA ကို ဒေါသအရမ်း ထွက်မိတယ်။

နောက်တယောက်ကတော့ စိတ်ညစ်တာကို ပြုံးပျော်အောင်

ဟာဒယရွှင်ဆေး တိုက်ကြွေးသူပါ။ သူ့ကိုတော့ တကယ်ကို ကျေးဇူး တင်မိပါတယ်။ဒါရိုက်တာဝိုင်း ဇာတ်ညွှန်းဆုအတွက် ဆုယူပြီးတော့ အကယ်ဒမီရွှေစင်ရုပ်ကို ရင်မှာပိုက် ကျေးဇူးတင်စကားပြောတယ်။ (ပထမဆုံး ပြောချင်တာကတော့ ကျွန်တော် ပရိသတ်ကို အမြဲတမ်း စေတနာထားပါတယ်) တဲ့။ အမှန်တော့ အကြောင်းကြောင်းကြောင့် ကျွန်တော် ဟက်ဟက်ပက်ပက် မရယ်ဖြစ်တာကြာပါပြီ။

ဒါရိုက်တာ ဝိုင်းရဲ့ မျက်နှာအမူအယာ၊ လေသံဌာန်မာန် နဲ့ စေတနာစကားကို တဆက်စပ်တည်း တွဲပြီး ကြားမြင်ရတဲ့အခါမှာ မပြုံးဘဲနဲ့ ဝါးလုံးကွဲ ရယ်မိပါတော့တယ်။ဟိုရက်က Johnny English ဟာသကား ကြည့်တုန်းကတောင် အခုလောက်မရယ်ရပါဘူး။ ခင်ဗျားတို့လည်း သူ ပြောသွားပုံလေး သတိမထားလိုက်မိရင် online မှာ ပြန်ရှာပြီး ကြည့်ကြပါ။ပြန်ရှာလို့ မရရင် ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင် ကွန်မြူနစ်ပါတီ ဥက္ကဌကြီးစတာလင် မိန့်ခွန်းပြောတဲ့ ဗီဒီယိုကို Google ကနေ ရှာကြည့်ပါ။ အတော်လေး နီးစပ်စွာတူပါတယ်။

ပြင်ဆင်ချက်-ဇာတ်ဆောင်ဆု nomination မှာ ဇဏ်ခီက ဥပယ်တံမျဉ်ကားနဲ့ ပါဝင်တာပါ။ မုဒြာလို့ အမှတ်မှားလိုက်မိတယ်။ ထောက်ပြသူတွေကို ကျေးဇူးပါ။ ပြင်ပြီး ဖတ်ပေးကြပါ။



Loading...

Facebook Comments