လူမှုကွန်ရက်တွင်ခင်မင်ချင်ဟန်ဆောင်ကာ အပြင်ခေါ်ထုတ်ပြီး ရွှေထည်ပစ္စည်းလုယူသူကို ရဲက ဖော်ထုတ်ဖမ်းဆီ

မန္တလေး မတ် ၂၆

အမျိုးသမီးငယ်တစ်ဦးအား လူမှုကွန်ရက်ကတစ်ဆင့်ခင်မင်ရင်းနှီးချင်ဟန်ဆောင်ပြီး အပြင်ခေါ်ထုတ်ကာရွှေထည်ပစ္စည်းတွေလုယူသွားခဲ့သူကို သက်ဆိုင်ရာနယ်မြေရဲစခန်းက ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့တဲ့ဖြစ်စဉ်တစ်ခု စစ်ကိုင်းမြို့မှာဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။

မန္တလေး အမရပူရမြို့နယ်နေသူ မ………(အသက် ၂၄ နှစ်)ဟာ လူမှုကွန်ရက်ပေါ်မှာခင်မင်ရင်းနှီးခဲ့တဲ့ ၀က်လက်မြို့နယ်နေ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ မန္တလေးမြို့ စွယ်တော်ဘုရားမှာသွားရောက်တွေ့ဆုံခဲ့ရာကနေ အဲဒီကတစ်ဆင့် စစ်ကိုင်းမြို့ကောင်းမှု တော်စေတီတော်အနီး တောလမ်းတစ်နေရာမှာ ရွှေထည်ပစ္စည်းတွေလုယူခံလိုက်ရတာပါ။

ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာမှာ ပြီးခဲ့တဲ့မတ်လ ၉ ရက်နေ့မနက် ၆ နာရီအချိန်ခန့်က မ…….ဟာ အဲဒီ အမျိုးသားရဲ့တွေ့ဆုံလိုကြောင်းပြောဆိုခေါ်ယူမှု ကြောင့် စွယ်တော်ဘုရားမှာသွားရောက်တွေ့ဆုံစဉ် အဲဒီအမျိုးသားက စစ်ကိုင်းဘက်ဘုရားသွားဖူးဖို့ထပ်မံပြောဆိုခေါ်ဆောင်တာကြောင့် သူ့ရဲ့ဆိုင်ကယ်နဲ့ပဲလိုက်ပါသွားခဲ့ကြောင်း၊ မနက် ၇ နာရီအချိန်ခန့်မှာ စစ်ကိုင်းမြို့ကောင်းမှုတော်စေတီတော်မြောက်ဘက်၊ တောလမ်းအတိုင်းလူပြတ်တဲ့နေရာအ ရောက်မှာ ဆိုင်ကယ်ရပ်တန့်ပြီး မ……..၀တ်ဆင်ထားတဲ့ ကျပ် ၃၅၆၂၅၀ တန်ဖိုးရှိတဲ့လက်စွပ်တစ်ကွင်း နဲ့ ကျပ် ၇၁၂၅၀၀ တန်ဖိုးရှိတဲ့ဆွဲသီးပါရွှေဆွဲကြိုးတစ်ကုံးတို့ကို ဆွဲဖြုတ်ယူ ကြောင်း၊ မ……..က အော်ဟစ်အကူအညီတောင်းဖို့ပြင်ဆင်စဉ် ၄င်းသိုဝှက်ယူဆောင်လာတဲ့ဓားမြှောင်နဲ့ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းတွေကိုယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒီဖြစ်စဉ်မှာ ရွှေထည်ပစ္စည်းတွေလုယူသွားသူကို အရေးယူပေးဖို့ မ…….က စစ်ကိုင်းမြို့မရဲစခန်းဆီတိုင်တန်းတာကြောင့် ရဲစခန်းက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်အထိချမှတ် နိုင်တဲ့ ကြိုတင်ပြင်ဆင်ခိုးယူမှုနဲ့အမှုဖွင့်ခဲ့တယ်လို့လည်း ရဲသတင်းကဖော်ပြထားပါတယ်။

ဒီအမှုမှာ ပစ္စည်းလုယူသွားတယ်ဆိုတဲ့ အမျိုးသားကို မ…….ရဲ့သူငယ်ချင်းဖြစ်သူအကူအညီနဲ့ အလားတူဖြစ်စဉ်မျိုး ဟန်ဆောင်ဖန်တီးကာ ၄င်းအား ယမန်နေ့က မြစ်ငယ်တံတားအနီးကိုချိန်းဆိုပြီး စစ်ကိုင်းရဲတပ်ဖွဲ့ကပဲဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကပြောပါတယ်။

စစ်ကိုင်းမြို့မရဲစခန်းက (ပ)၃၃၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂(ခိုးမှုကိုကျူးလွန်ရန် သေစေရန်ဖြစ်စေ၊ နာကျင်စေရန်ဖြစ်စေ တားဆီးရန်ဖြစ်စေပြင်ဆင်ပြီးမှ ကျူးလွန်တဲ့ခိုးမှု) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

စောထွေး
Photo – စစ်ကိုင်းရဲ

Loading...

Facebook Comments