ကမာရွတ်မြို့နယ်တွင် ကာမစိတ်ကြွဆေးများလိုက်လံရောင်းချနေသူတစ်ဦးအားတွေ့ရှိ၍ ဖမ်းဆီးအရေးယူထား

ရန်ကုန်၊ မတ် ၂၃

ကမာရွတ်မြို့နယ်တွင် ကာမစိတ်ကြွဆေးများလိုက်လံရောင်းချနေသူတစ်ဦးအားတွေ့ရှိ၍ ယမန်နေ့က ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့(မတ်လ ၂၂ ရက်) မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ လှည့်တန်း(၂)လမ်းအရောက် ကာမစိတ်ကြွဆေးများ လိုက်လံရောင်းချနေကြောင်း သတင်းရရှိထားသည့် အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးအား တွေ့ရှိ၍ စစ်ဆေးရာ ၎င်းလွယ်ထားသော အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ အကြည်ရောင်ပလတ်စတစ်အိတ်အသေးဖြင့် ထည့်ထားသည့် ကျားဟော်မုန်း အားတိုးဆေး(လိင်စိတ်ကြွဆေး) (၃)တောင့်စီပါ (၁၀)ထုပ်၊ အဖြူရောင်လေးထောင့် သံဘူးအသေးဖြင့်ထည့်ထားသည့် အမျိုးသားအင်္ဂါလိမ်းဆေးဖန်ပုလင်း(၂)ပုလင်းစီပါ သံဘူး(၂)ဘူး နှင့် ငွေစက္ကူရောရာ ၃၈,၀၀၀ ကျပ် တို့ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် ကမာရွတ် မြို့မရဲစခန်း(ပ) ၆၁၁/၂၀၁၉ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Source – မြန်မာနိုင်ငံရဲတပ်ဖွဲ့

Loading...

Facebook Comments