ကေတီဗီ က ထွက်ပြေးလာတဲ့ မိန်းကလေး နှစ်ယောက်

ဒီနေ့  မနက် ၃ နာရီ ဆိုင်တံခါးဖွင့်ချိန် Taxi တစီး ထိုးဆိုက်လာပြီး ကောင်မလေး ၂ ယောက်ဆင်းလာတယ် ဆိုင်မှာ ဘာရပြီလဲလို့  မေးလာချိန် ဆိုင်ဖွင့်ချိန် ၆ နာရီ မရောက်မချင်း ဘာမှ မရောင်းပေးတတ်တဲ့ ကျမဥာဉ်ကြောင့် ဘာမှမရသေးဘူး

ဆိုင်မဖွင့်သေးဘူး ဆိုတော့ မီးလေးလှုံပြီး ခဏနေခွင့်ပေးပါတဲ့ … ကြည့်လိုက်တော့ နွမ်းပါးသူ မိန်းခလေးတွေဖြစ်နေလို့  ဆိုင်ရှေ့ မှာ နေခွင့်ပေးထားလိုက်တယ်

ခဏကြာတော့ အမရယ် သမီးတို့  ဗိုက်ဆာနေလို့ ရှိတာလေး ရောင်းပေးပါတဲ့ ကိုယ်လည်း ဆိုင်မှာရှိတဲ့ ထမင်းတအိုး ချပေးလိုက်တော့ ၂ ယောက်အလုအယက်စားနေကြတာ အပြောင်ပဲ ပြီးတော့မှ အမ သမီးတို့ ရန်ကုန်ပြန်ချင်လို့ ကားလက်မှတ်လေး ဖြတ်ပေးပါတဲ့

အရေးကြီးလို့ အမြန်ပြန်ချင်လို့ ပါတဲ့ မိုးလင်းမှ ကားလက်မှတ်က ဖြတ်လို့ ရမှာဆိုတော့ ရပါတယ်အမ ကျမတို့  ခဏ မှိန်းလို့  ရမဲ့နေရာလေး ကူညီပေးပါဆိုတာနဲ့  ဆိုင်ခန်းလွတ်မှာ အိပ်ခွင့်ပေးထားလိုက်တယ်

မနက်မိုးလင်းတော့ လူငယ် ၃ ယောက် photo ပြပြီး ဒီကောင်မလေး ၂ ယောက် မတွေ့ မိဘူးလားအမ တဲ့ကြည့်လိုက်တော့ ကျမဆီ အစောကြီးရောက်လာတဲ့ ကောင်မလေး ၂ ယောက် ဖြစ်နေတယ်

လာရှာသူတွေက မြို့ ပြင် တောင်ကြီးအထွက် ကျိုင်းဖောင်းမှာ တရားမဝင်ဖွင့်ထားတဲ့ KTV နဲ့ တွဲလျက် ဟိုအခန်းက လူတွေ ဒီလောက်ဆို ကျမ သဘောပေါက်ပါပြီ

အစောကြီး ထွက်ပြေးလာသူတွေက သူတို့ ဆိုင်က ကောင်မလေးတွေပေါ့

ကျမ ဘယ်လို အဖြေပေးမယ် ထင်သလဲ?

အေး ရှိတယ်

အမ ဆိုင်ထဲမှာ ခဏပေးသိပ်ထားတယ်

ဘာကိစ္စ လိုက်ရှာတာလဲ ဆိုတော့ ကျနော်တို့ ဆိုင်က ထွက်ပြေးသွားတဲ့ ၂ ယောက်ပါ ပြန်ခေါ်ဖို့  လိုက်ရှာနေတာတဲ့ ဟုတ်ပြီ စောင့်နေ သူတို့ နိုးလာချိန် အမ ပေးတွေ့ ပေးမယ် ဒါပေမဲ့ ငါ့ဆိုင်ကတော့ ထိုင်မစောင့်နဲ့ လို့  ပြောလိုက်တော့ ဟုတ်ကဲ့ပါအမ တခြားက စောင့်နေပါ့မယ် ဆိုပြီး ကျမရှေ့ က့ ဆိုင်ထဲဝင်သွားကြတယ်

သူတို့ ထွက်သွားလို့  ကျမသိပ်ထားတဲ့ ကောင်မလေးတွေ အခန်းဝင်ချိန်မှာတော့ အပေါက်ကနေ ခြောင်းကြည့်ပြီး ဒူးတုန်နေတဲ့ သူတို့  ၂ ယောက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း အသံတုန်ရီစွာနဲ့  အမ ကျမတို့ ကို ကယ်ပါ သူတို့ နောက်ကို ပြန်မထည့်လိုက်ပါနဲ့ တဲ့

ပြေးမြင်ယောင်မိတာက ရုပ်ရှင်တွေထဲက လူကုန်ကူးခန်းမှ ထွက်ပြေးလာတဲ့ ခလေးမလေးတွေအတိုင်းးးးပေါ့ အကျိုးအကြောင်း မေးကြည့်တဲ့အခါ ကျမတို့ က ရန်ကုန်ကပါ သူငယ်ချင်းတဦးက ဆက်သွယ်ပေးလို့  ဒီကိုရောက်လာတာပါ သူတို့ ပြောခေါ်စဉ်က beer ဆိုင်နဲ့  KTV တွဲဖွင့်ထားတဲ့ဆိုင် လစာလည်းကောင်းတယ်

customer ပေးတဲ့ မုန့် ဖိုးလည်း ရတော့ ဝင်ငွေကောင်းတယ် သီချင်းထည့်ပေး အရက်ငှဲ့ ပေးရုံတင် ဆိုလို့  ကျမတို့  လိုက်လာမိတာပါ ဒီရောက်တော့မှ ဟိုကိစ္စကို မဖြစ်မနေ မလုပ်မနေရ လုပ်ရမယ် ဆိုပြီး အတင်းအကြပ်ခြိမ်းခြောက်ခိုင်းလို့  ယူထားငွေနဲ့  သူတို့ စိုက်ထားတဲ့ လမ်းစရိတ် စုစုပေါင်း ၇ သောင်း ကြေတဲ့အထိ မိမိဆန္ဒ မပါသော်လည်း လုပ်ပေးခဲ့ပါတယ် စရောက်တာ (8.3.2019)

ခုပြေးလာတာ (20.3.2019) ဆိုတော့ ယူထားငွေကြေတဲ့အပြင် သမီးတို့ လုပ်အားခတွေပါ ကျန်ခဲ့ပါတယ် ဒါပေမဲ့ ဒီငွေတွေလည်း မယူချင်ပါဘူး ပြန်လို့ ရရင် တော်ပါပြီ သမီးတို့ ကိုကယ်ပါ သူတို့ က ဆိုင်စရောက်ထဲက ခြိမ်းခြောက်ထားတယ် ထွက်ပြေးရင် ပစ်သတ်လို့ ရတယ် ဆိုင်ရှင်က အဖွဲ့ အစည်းက ပုဂ္ဂိုလ်မို့  ဘာပြသာနာမှ မဖြစ် အားလုံးနဲ့ ပိုင်တယ် ပြေးရဲ ပြေးကြည့်လို့  ပြောထားတယ်

ဒါကြောင့် ဒီနေ့ မှ အခွင့်အရေးရလို့  သူတို့ အိပ်နေချိန် ခိုးထွက်ပြေးလာတာပါ ဒီအလုပ်ကို ပြန်မလုပ်ပါရစေနဲ့ တဲ့ ဟုတ်ပြီ ဒါဆို ညည်းတို့  ပုန်းမနေနဲ့  ဆိုင်ရှင်နဲ့ ထိပ်တိုက်ဆုံရှင်းလိုက်ဆိုတော့ တယောက်က မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပြီး လက်အုပ်ချီကာ ကျမတို့ ကြောက်တယ် မတွေ့ ပါရစေနဲ့  ဖွတ်ထားပေးပါချည်း ပြောနေတော့တာ

နောက်ဆုံး ညည်းတို့ ဆန္ဒမပါရင် ပြန်လိုက်စရာမလိုဘူး အမဆိုင်မှာပဲ ရှင်း ပြောမရရင် အမ တာဝန်ယူမယ် ရဲတိုင်ပေးမယ် ဆိုမှ လက်ခံပြီး ထွက်တွေ့  ရှင်းကြတယ်

ဆုံရှင်းတဲ့အခါ ကောင်မလေးတွေ အပြောက အမှန် သူတို့ ဆီက ငွေပိုလည်း ယူမထား ဒီအလုပ်လည်း မလုပ်ချင်လို့  ပြန်ခွင့်ပေးဖို့ သာ တောင်းဆိုနေတာကို ဆိုင်မန်နေဂျာကောင်က ခြိမ်းလိုက် ခြောက်လိုက် မာရေ ကျောရေ ပြောပြီး အတင်းပြန်ခေါ်နေ

နောက်ဆုံး မနေနိုင်တဲ့ ကျမက ကဲမောင်လေးတို့  သူတို့ ဆန္ဒမပါပဲ အတင်းပြန်ခေါ်မနေနဲ့ တော့ မင်းတို့ ငွေလည်း ပိုပါမလာတော့ သူတို့ ထားခဲ့ပြီး မင်းတို့ ပြန်တော့ ငါ့ဆိုင်က ထွက်တော့လို့  နှင်ထုတ်ပေမဲ့ လုံးဝ မပြန်တဲ့အပြင် နောက်ထပ် ဝိတ်တာတွေ ထပ်ခေါ်လိုက်တာ အားလုံးပေါင်း ၆ ယောက်

အသာတကြည် မလိုက်ပါက အတင်းအကြပ် ခေါ်မည့်ပုံ ဒီမြို့ ကနေထွက်ခွင့်မပေးနိုင်ဘူး ဆိုပြီး ဖုန်းတခုကို ခေါ်က ဧည့်စာရင်းတိုင်ထားတဲ့ အထဲက ကောင်မလေး အငယ် ၂ ယောက် ထွက်ပြေးသွားလို့ ပါလာတဲ့ ကားပေါ်ကနေ ဆွဲချထားလိုက်ပါတဲ့

ဒီစကားကြားတော့ ဒင်း ငဖြီးတကောင်ဆိုတာ တန်းသိလိုက်ပြီ ကိုယ်လည်း ပွဲထကြမ်းပြီပေါ့ သိတယ် မဟုတ်လား? ဂျက်မ ပါဆိုအေးးးး မင်းတို့ ပိုင်တယ် ဆိုရင် ငါတင်ပေးတဲ့ ကားပေါ်ကနေ ဆွဲချကြည့် ပြသာနာ အကြီးကြီးတက်သွားမဲ့အပြင် ခုလုပ်စားနေတဲ့ ဖာခန်းတွေ အားလုံးပိတ်သိမ်းပစ်တဲ့အထိ ငါတိုင်ပြမယ် ခုငါ့ဆိုင်ထဲက ထွက် ဆိုတာတောင် မမှုတဲ့အတွက် က်ျုင်းတုံ လူကုန်ကူးရုံးကို ဖုန်းဆက်တိုင်တော့မှ ကျိုင်းတုံ လူကုန်ကူးရဲတွေရဲ့  ဖြေရှင်းပေးမှုကြောင့် အသာတကြည် ပြန်ခွင့်ရသွားခဲ့တယ်ရှင်

မအူမလည် ယောင်နနလေးတွေမို့ အလုပ်မအားတဲ့ကြားကနေ လူကုန်ကူးရုံးထိ လိုက်သွားပြီး ဆိုင်ရှင်ဆီမှ ကောင်မလေး ၂ ယောက်အတွက် ကားခ ၂ ယောက်တွက် ၅ သောင်း တောင်းပေးလိုက်ပါတယ်။ အပြန်မှာ ကျေးဇူးတင်လွန်းလို့ ဆိုပြီး ၂ ယောက်သား ထိုင်ကန်တော့ သွားကြပါတယ်

အဓိက ဆိုလိုချင်တာက ပြည်မက အလုပ်အကိုင်ရှားပါးမှု စီးပွားရေး အိမ်ထောင်ရေးအဆင်မပြေမှု ကြောင့် နယ်စပ်မှဝင်ငွေကောင်းတယ် ဘာလုပ်ရုံတင် ညာလုပ်ရုံတင် ဆိုပြီး စည်းရုံးသိမ်းသွင်းကာ ရောက်လာချိန်မှာ ဒီအလုပ်ကို မဖြစ်မနေလုပ်ရမယ်ဆိုပြီးခြိမ်းခြောက် ခိုင်းစေ လူကုန်ကူး လုပ်ခကို ခေါင်းပုံဖြတ် မိန်းခလေးပေါင်း မြောက်များစွာကို ဖျက်ဆီးနေသော ပျက်ဆီးစေသော အနှီ ပြည့်တန်ဆာခန်းများကို တရားဝင်နီးပါးဖွင့်ခွင့်ပေးထားခြင်းသည် မည်သူ့ တွင် တာဝန်ရှိနေသနည်း?

Htar Thet 20.3.2019 (တပေါင်းလပြည့်)

 

Loading...

Facebook Comments