မြတ်စွာဘုရားရှင် ရှင်းပြဟောကြားတော်မူသော ဥပုသ် ၃-မျိုး””” ဥပုသ် ( ၃ )မျိုး

ဝါတွင်း  ကာလမှာ ဥပုသ်နှင့် ပါက်သတ်ပြီး သတိပြုစာရာများပါ “နွားကျောင်းသား ဥပုသ်” ထိုနေ့ကား ဥပုသ်နေ့ဖြစ်ပါသည်။ ကျောင်းအစ်မကြီး ဝိသာခါတစ်ယောက် ကျောင်းတော် သို့သွား၍ ဥပုသ်လာယူပါသည်။

“ဝိသာခါ နေမွန်းတည့်အချိန်ကြီးမှာ ဘယ်ကလာသနည်း” “သည်ကနေ့ ဥပုသ်နေ့မှာ တပည့်တော်မ ဥပုသ်စောင့်ပါသည် ဘုရား” မေးသူကား ဗုဒ္ဓ၊ ဖြေသူကား ဝိသာခါ ဖြစ်၏။ ဝိသာခါနှင့် ဥပုသ်၊ ဥပုသ်နှင့် ဝိသာခါ လုံးထွေးနေ၏။ ဝိသာခါအဖို့ ဥပုသ်မစောင့်သောနေ့ ဟူ၍ မရှိသလောက်ပင်။

ဗုဒ္ဓသည် ဥပုသ်သည် ကျောင်းအစ်မကြီး ဝိသာခါကို အကြောင်းပြု၍ ဥပုသ်တရား ဟော ကြားတော်မူ၏။ ဥပုသ်စောင့်ကြသည်ဆိုသော်လည်း စောင့်ရကျိုးမနပ် အဖတ်မတင်သော ဥပုသ်များရှိတတ်ကြောင်း၊ ယင်းဥပုသ်မျိုးမဖြစ်ရအောင် ကြပ်ကြပ်သတိထားဖို့ လို အပ်ကြောင်းကို အခြေခံလျက် ထိုနေ့ ဥပုသ်နေ့တွင် ဝိသာခါအား ဥပုသ်ဋီကာကို အကျယ်တဝင့် ဖွင့်ဖော် မြွက်ကြားတော်မူ၏။

“ဝိသာခါ ဥပုသ် ၃- မျိုးရှိ၏။ သင် မှတ်ဘိလော့”
၁။ ဂေါပါလ ဥပုသ်တစ်မျိုး၊
၂။ နိဂဏ္ဋဥပုသ်တစ်မျိုး၊
၃။ အရိယ ဥပုသ်တစ်မျိုး၊
ဤ သုံးမျိုးဟု မှတ်။

၁။ ဂေါပါလ ဥပုသ်

ဝိသာခါ၊ ဂေါပါလ ဥပုသ်ဆိုသည်ကား နွားကျောင်းသားဥပုသ်ဟု ငါဆို၏။ ဝိသာခါ နွားကျောင်းသားသည် နေ့လယ်တွင် နွားများကို ကျောင်း၏။ ညနေစောင်းသောအခါ နွားများကို အိမ်ပြန်၍သွင်းလာပြီ နွားရှင်များထံ အပ်ရ၏။ အပ်ပြီးသောအခါ ထိုနွားကျောင်းသားသည် နေ့လယ်က အဖြစ်အပျက်များကို ပြန်၍ စမြုံပြန်လေ၏။

“ငါသည် ကနေ့ဘယ်နေရာမှာ နွားကျောင်းခဲ့သည်။ ဘယ်ကန်ထဲ၊ ဘယ်ချောင်းထဲမှာ နွားများကို ရေတိုက်ခဲ့သည်။ နက်ဖြန်ခါ ဘယ်နေရာ၊ ဘယ်ဒေသ၊ လယ်တောမှာ ငါနွားကျောင်းမည်။ ဘယ်ရေကန်၊ ဘယ်ချောင်းမှာ နွားရေချမည်။ နွားကျောင်းရင်း ဘာတွေ၊ ဘာတွေကို ငါလုပ်ဦးမည်။” ဟူ၍ ဤသို့ နောက်ကြောင်းကိုလည်း စမြုံပြန်သည်။

ရှေ့အကြောင်းကိုလည်း တစ်မျှော်တစ်ခေါ်ကြီး တွေး၍ အစီအစဉ်ပြုလုပ်သည်။ ဤသည်ကား နွားကျောင်းသား၏ ဖြစ်ရပ်တည်း။ ဝိသာခါ၊ အချို့သော ဥပုသ်သည်များသည် ဤနွားကျောင်းသားနှင့် အလားတူ၏။ နွားကျောင်းသား တွေးသကဲ့သို့ တောင်တွေး၊ မြောက်တွေးနှင့် အတွေးညွှန်အိုင်ကြီးထဲတွင် ကျွဲရိုင်းကြီး လူးသကဲ့သို့ လူးနေ၏။

ငါသည်ကနေ့ ဘာဟင်းနှင့်ထမင်းစားသည်။ ဟင်းကောင်းချင်လျှင် ဆားအတန်မြက်သည်။ ထမင်းစားပြီးသောအခါ ငှက်ပျောသီးစားသေးသည်။ သည်ကနေ့တော့ ဟုတ်ပါစေတော့၊ နက်ဖြန်အတွက် ဘာဟင်းချက်စားရလျှင် ကောင်းမည်လဲ၊ ဘာအသီးစားရလျှင် ကောင်းလေ မည်လဲဟူ၍ ထိုသူသည် ဤသို့ စိတ်ကူးယဉ်ကာ မက်မောခြင်း အဘိဇ္ဈာစိတ်ဖြင့် တစ်နေ ကုန်လေ၏။

ဝိသာခါ၊ ဤဥပုသ်မျိုးကား နွားကျောင်းသား ဥပုသ်တည်း။ ဤနွားကျောင်းသား ဥပုသ်မျိုးကို ကျင့်သုံးဆောက်တည်ခြင်းကား အကျိုးလည်းမများ၊ အာနိသင်လည်း မရှိ၊ အသွေးအရောင်လည်း မပြောင်း၊ ပျံ့နှံ့ခြင်းလည်း မရှိချေ။

၂။နိဂဏ္ဋဥပုသ်

နိဂဏ္ဋဥပုသ်ကို မှတ်ဦးလော့။ ရဟန်းဇာတ်နွယ်ဝင် နိဂဏ္ဋဆိုသော ပုဂ္ဂိုလ်တို့သည် ရှိကုန်၏။ ယင်းတို့၏ ကျင့်သုံးနည်းကား တစ်မူထူးခြားချေ၏။ သူတို့သည် သူတို့၏ တပည့်တပန်းများကို ဤသို့ ဆောက်တည်ကျင့်သုံးစေကုန်၏။

ချစ်တပည့် အမောင်ယောကျာ်း၊ သည်ကို လာလော့။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဤ အရပ်လေးမျက်နှာ ယူဇနာတစ်ရာထက်ဝန်းကျင်၏ အပြင်ဘက်တွင် ရှိနေကုန်သော သတ္တဝါတို့၌ ဘေးဥပါဒ်ကျရောက်စေမည့် လက်နက်များကို ချထားလေလော့။

ယင်းသတ္တဝါတို့အား တစ်စုံတစ်ရာ ညှင်းဆဲခြင်း၊ သတ်ဖြတ်ခြင်း မပြုလေနှင့်ဟူ၍ ဆောက်တည်စေကုန်၏။ ဤသို့အားဖြင့် အချို့သော သတ္တဝါတို့အား သာစေ၊ ချမ်းသာစေ၊ အချို့သော သတ္တဝါတို့အား နာစေ၊ ဆင်းရဲစေရန် ဆောက်တည်စေကုန်၏။ (သတ္တဝါခပ်သိမ်းတို့အပေါ်၌ မေတ္တာပျံ့နှံ့ခြင်းမရှိ၊ မိုးကွက်ကျား ရွာသည်နှင့်တူ၏။)

ဝိသာခါ၊ နာဦးလော့။ ထိုသူတို့သည် ဥပုသ်နေ့များတွင် တပည့်တပန်းတို့အား ဤသို့ ဆောက်တည်ခိုင်းကုန်၏။ “ချစ်တပည့်၊ အမောင်ယောကျာ်း၊ လာလော့။ သင်၏ အဝတ်အစား အကုန်လုံး ချွတ်လိုက်ဘိလော့။ ငါဆိုသလို လိုက်ဆိုလော့။ ‘ငါသည် တစ်စုံတစ်ခုသော အ ရပ်ဒေသ၊ တစ်ခုခုသော အချိန်အခါဝယ်၊ တစ်စုံတစ်ယောက်သောသူအတွက် မည် သည့်ကြောင့်ကြမှူမျှမဖြစ်။

ငါ၏ အတွင်းသန္တာန်ဝယ်တစ်ခုခုသော ပရိက္ခရာ၌သော်လည်း ကြောင့်ကြမှူမရှိ’ ဤသို့ဆိုလော့ဟူ၍ ဆောက်တည်စေကုန်၏။(အားလုံးအပေါ်၌ သံယောဇဉ်ပြတ် ဖြတ်တောက်ဆောက်တည်စေခြင်း ပင်တည်း။)”

ဝိသာခါ၊ ဤသို့ပင် သံယောဇဉ်ပြတ် ဖြတ်တောက်ဆောက်တည်စေငြားသော်လည်း ပြတ်ခြင်းကား မထင်။ ထိုဆောက်တည်သူ၏ မိဘတို့ကလည်းသည်ဟာ ငါ့သားဟူ၍ ကိုယ့်သားမှန်းသိနေကြကုန်သည်။ ထိုဆောက်တည်သူ ကိုယ်၌ကလည်း သည်ဟာ ငါ့မိဘ၊ သည်ဟာ ငါ့သား၊ ငါ့သမီး၊ သည်ဟာ ငါ့မယားဟူ၍ မိဘမှန်း၊ သားသမီးမှန်း၊ မယားမှန်း သိနေသည်ပင်တည်း။

အားလုံးအပေါ် ပြတ်သည်။ ကြောင့်ကြမှု့၊ တွယ်တာမှု ဘာမျှမရှိသော်လည်း မပြတ်သည်မှာ ထင်ရှား၏။ ဝိသာခါ၊ ဤသို့လျှင် သည်နေရာမှာ သစ္စာ၊ ထိုနေရာကျသော် မုသားစကား ဆိုခြင်းကို ဆောက်တည်စေသည်မည်၏။ ဤဆောက်တည်နည်းကို မူမမှန်သော ဆောက်တည်ခြင်းဟု ငါဆို၏။

ဘာမျှ ကြောင့်ကြမှူ့မရှိသော ထိုဆောက်တည်သူသည် တစ်ဥာဉ့်လွန်မြောက်၍ နံနက် မိုးသောက်ပြီဆိုလျှင်ပင် မည်သူကမျှ မပေးဘဲလျက် အစားအစာကို ကိုယ်တိုင်ယူ၍ စားလေတော့သည်။ နိဂဏ္ဋဥပုသ်ကား ဤသို့ ဖြစ်သတည်း။ ဤနိဂဏ္ဋဥပုသ်မျိုးကို ဆောက်တည်ခြင်းကား အကျိုးလည်းမများ၊ အာနိသင်လည်းမရှိ၊ အသွေးအရောင်လည်း မပြောင်၊ ပျံ့နှံ့ခြင်းလည်း မရှိချေ။

၃။ အရိယာဥပုသ်

ညစ်နွမ်းနေသောစိတ်ကို မညစ်နွမ်းအောင် လုံ့လပြုခြင်း၊ ဖြူစင်စေခြင်း၊ ဖြူစင်အောင်ပြုခြင်းသည် အရိယာဥပုသ်ဖြစ်ပေ၏။ ဝိသာခါ၊ ညစ်နွမ်းနေသောစိတ်ကို ဖြူစင်အောင် ဆေးကြောနည်းကား ဤသို့တည်း။

ဝိသာခါ၊ ဥပမာအားဖြင့် ညစ်နွမ်းနေသော ဦးခေါင်းကို သန့်ပြန့်စေလိုသော် တရော်၊ ကင်ပွန်း စသည်တို့ဖြင့် ဆေးကြောလျှင် သန့်ပြန့်လာသကဲ့သို့ ထို့အတူ ညစ်နွမ်းစိတ်ကို ပြေပျောက်အောင် ဖျောက်လိုသော် ဖြူစင်သန့်ပြန့်သော စိတ်၊ ညစ်ကြေးကင်းစင်၍ ဖြူစွတ်သောစိတ် ဖြစ်လာစေလိုသော် ဘုရားအာရုံ၊ ဂုဏ်တော်ကိုးပါးကို အောက်မေ့ခြင်းဖြင့် ဆေးကြောရာ၏။

ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့သည်ရှိသော် စိတ်သည် ကြည်လင်လာ၏။ ဝမ်းမြောက်ခြင်းဖြစ်လာ၏။ စိတ်၏ ညစ်နွမ်းကြောင်းမှန်သမျှ လွင့်စဉ်ပပျောက်ကုန်၏။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး သီလများကို မကျိုးမပေါက်အောင် ဆောက်တည်ထိန်းစောင့်ခြင်းပြု၏။
ထိုသူကို ဗြဟ္မာဥပုသ် ကျင့်သုံးသူ၊ ဘုရားသခင်နှင့် အတူနေရသူ၊ ဘုရားကို အာရုံပြု၍ စိတ်ကြည်လင်နေသူ၊ ဝမ်းမြောက်သူဟု ဆိုအပ်၏။

ညစ်နွမ်းသော စိတ်သည် ဤသို့လုံ့လပြု ကုစားခြင်းအားဖြင့် ဖြူစင်စေနိုင်၏။ ဤအရိယာဥပုသ်ကို စောင့်ထိန်းခြင်းကား အကျိုးလည်းများ၏။ အာနိသင်လည်းရှိ၏။ အသွေးအရောင်လည်း ပြောင်၏။ ပျံ့နှံ့ခြင်းလည်း ရှိပေ၏။

Credit:ဗုဒ္ဓရေအိုးစင်

Loading...

Facebook Comments