ဒေါက်တာလဲ့လဲ့မော်အမှုနှင့် ပတ်သက်ပြီး ပိုင်ဆိုင်သည့် ပစ္စည်းများကို သိမ်းယူခြင်း၊ ရှိ မရှိမှာ ကျင့်ဝတ်အရ ပြောပိုင်ခွင့် မရှိကြောင်းနှင့် အမှုအတွက် စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် လူ ၉၀ ကျော်ကို စစ်ဆေးခဲ့ကြောင်း ကော်မရှင် တာဝန်ရှိသူပြောကြား

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အမှုနှင့် ပတ်သက်ပြီး ပိုင်ဆိုင်သည့် ပစ္စည်းများကို သိမ်းယူခြင်း၊ ရှိမရှိမှာ ကျင့်ဝတ်အရ ပြောပိုင်ခွင့် မရှိကြောင်းနှင့် အမှုအတွက် စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် လူ ၉၀ ကျော်ကို စစ်ဆေးခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။

“ဒါနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၀(က) မှာပါပါတယ်။ ဘာပြဌာန်းလည်း ဆိုတော့ စိစစ်ချက်တွေ၊ တွေ့ရှိချက်တွေကို ကျွန်တော်တို့က လျို့ဝှက်ထားရမယ် ဆိုတာပါပါတယ်။ သတင်းထုတ်ပြန်လို့ရသမျှ သတင်းထုတ်ပြန်ပေးထားခြင်း ဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ ဒီလောက်ပဲ ပြောလို့ရပါတယ်။ ဒါကလည်း ဘာလည်းဆိုတော့ ကော်မရှင်အနေနဲ့ ဒီကိစ္စကို သေချာလေး ကော်မရှင်ရဲ့ ကျင့်ဝတ်တွေ၊ စံချိန်တွေ၊ စံညွှန်းတွေနဲ့အညီ ဘက်လိုက်မှု မရှိဘဲနဲ့ တရားမျှတတဲ့ အနေအထားနဲ့ ဆောင်ရွက်ပေးတာပါ” ဟု ဦးကျော်စိုးက ပြောကြားသည်။

ယခုကိစ္စအား ဘတ်လိုက်မှုမရှိဘဲ ပြဌာန်းထားသည့် ဥပဒေအတိုင်း ဆောင်ရွက်နေကြောင်း၊ သိသင့် သိထိုက်သည့် အချက်များကိုလည်း သတင်းထုတ်ပြန်ထားကြောင်း၊ ပြောလိုက်သည့် အချက်များ မှားယွင်းသွားပါက မကောင်းမွန်ကြောင်း၊ ယခု ထုတ်ပြန်ချက်သည် ပြည့်ပြည့်စုံစုံ ထုတ်ပြန်ထားကြောင်း ဦးကျော်စိုးက ပြောကြားသည်။

“စစ်ဆေးတာကလည်း နေပြည်တော်ကော၊ ထားဝယ်ကော၊ ရန်ကုန်မှာကော သုံးနေရာခွဲပြီး စိစစ်ရပါတယ်။ သက်သေပေါင်း ကိုးဆယ်ကျော်လောက်ကို စစ်ရတဲ့ အနေအထား ရှိပါတယ်။ အဲ့ဒီမှာ တစ်ချို့သက်သေတွေက စီးပွားရေး လုပ်ငန်းရှင်တွေ ပါနေတဲ့အတွက်ကြောင့် မေးတာမြန်းတာ လုပ်ရတယ်။ တစ်ချို့စီးပွားရေး လုပ်ငန်းရှင်တွေက ခရီးသွားနေတဲ့ အဖွဲ့တွေရှိတာကြောင့် အရေးကြီးတဲ့ သက်သေတွေကို မတ် ၄ ရက်နေ့မှ မေးနိုင်တာတွေရှိတယ်” ဟု ဦးကျော်စိုးက ပြောကြားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာလဲ့လဲ့မော်အမှုနှင့် ပတ်သက်ပြီး မတ် ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ထားဝယ်လေယာဉ်ကွင်း ခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း တစ်ခုထဲကို ခွင့်ပြုငွေ ကျပ်သိန်းလေးထောင်ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်ပြီး ကုမ္ပဏီသို့ တိုက်ရိုက်ခွင့်ပြု ဆောင်ရွက်စေခဲ့ပြီး တံ့စိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်း၊ လမ်းဦးစီးဌာနကို တစ်လုံးတစ်ခဲတည်း ကျပ် ၁ဒသမ၉ဘီလျံ ထုတ်ယူရန်အခွင့်အရေးပေး ခဲ့ပြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား ဒေါ်လဲ့လဲ့မော်၏ ခင်ပွန်း ဦးထွန်းမင်းက ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်နှစ်ကွက်ကို အုပ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ခြင်းတို့ဖြစ်သည်။

ထို့ပြင် ဒေါ်လဲ့လဲ့မော်သည် ၄င်းမိသားစုပိုင်ဆိုင်သည့် ကာလတန်ဖိုး ကျပ်သိန်း ၃၂၀ ခန့်သာရှိသည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်းရှိ ၂ ထပ်အိမ်နှင့် ဝိုင်းမြေကို ကျပ်သိန်း နှစ်ထောင်ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်း၊ သရက်ချောင်း ငါးလေလံဈေး တည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့်မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အဌားအိမ်ရာ လေးလုံးတည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း စသည့် လုပ်ငန်းများကို GGS ကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Loading...

Facebook Comments