မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ငွေကျပ်နှစ်သိန်းလေးသောင်းဖြင့် မိလ္လာကျင်းဆယ်ယူသူ ငါးဦးစလုံးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်မြို့ပတ်လမ်းနေအိမ်တခု၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည၈နာရီခန့်အချိန်က ငွေကျပ်နှစ်သိန်းလေးသောင်းဖြင့် မိလ္လာကျင်းဆယ်ယူသူ ငါးဦးလုံးသေးဆုံးမှုဖြစ်ပွားကြောင်း ကျောက်ဆည်မြို့နယ်ရဲစခန်းမှ သိရသည်။
ကြက်မင်းတွန်ရပ်ကွက် မြို့ပတ်လမ်း အိမ်အမှတ် ကမတ ၃၈၆ အိမ်ရှင်ဦးသန်းထွန်းဦး၏ နေအိမ်၌ အိမ်သာဆာဗစ်ကျင်းထဲရှိ အညစ်အကြေးများကို ဆယ်ယူနေကြသော အင်ဒိုင်းကျေးရွာ နေ ကိုနီ၊ အေးချမ်း၊ မောင်မောင်၊ အငယ်ကောင်(ခ)ကုလားလေး နှင့် ဒီမို (သစ်ကြီးတန်းရပ်ကွက်နေသူ) ငါးဦးစလုံး အိမ်သာကျင်းအတွင်း အောက်ဆီဂျင်ပြတ်လပ်ပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးတာကတော့ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးသွားကြတာ။ မြို့ပြတွေမှာဆိုရင်တော့ စက်နဲ့လုပ်လို့ရတာ ပေါ့။ ဒါပေမဲ့ ဒီဘက်မှာတော့စက်နဲ့လုပ်လို့မရတော့ လူတွေနဲ့လုပ်ကြရတာပေါ့။ အဲ့လိုလုပ်တဲ့အခါမှာတော့ ကျန်းမာရေး အသိအမြင်တွေနည်းလို့ ဒီလိုဖြစ်သွားတယ်လို့ပဲသုံးသပ်ပါတယ်။ သေဆုံးသွားတဲ့ထဲမှာတော့ အေးချမ်းတစ်ယောက်ကလူပျိုလူလွတ် ကျန်တဲ့သူတွေကတော့အိမ်ထောင်သည်တွေပါ။ အိမ်သာကျင်းဆယ်ယူဖို့ သူတို့ကို နှစ်သိန်းလေးသောင်းနဲ့ အပြတ်ငှားထားတယ်လို့တော့သိရတယ်။”ဟု ကျောက်ဆည်မြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းဇော်မြင့်ကပြော သည်။

အဆိုပါအိမ်သာဆားဗစ်ကျင်းသည် ဆယ်ပေ ငါးပေကျော်ကျယ်ဝန်းသောကြောင့် လူငါးဦးဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အိမ်သာဆား ဗစ်ကျင်း အတွင်းရှိ အနယ်အနစ်များကို ထုတ်ယူနေချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စဖြစ်ပွားပြီးနောက် ကျောက် ဆည်မီးသတ်ရဲစခန်း နှင့် ကျောက်ဆည်မြို့နယ်ရဲစခန်း များကို ဆက်သွယ်အကူညီတောင်းခံခဲ့ပြီး သေဆုံးသူရုပ်အလောင်းများကို အပြင်သို့ထုတ်ယူခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ဆေးရုံမှ တဆင့်သေဆုံးသူ ရုပ်အလောင်းများကိုရင်ခွဲရုံသို့ပိုဆောင်ထားပြီး ကျောက်ဆည်မြို့နယ်ရဲစခန်းမှသေမှု သေခင်းအမှတ် (ပ) ၆/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

Credit :ကျော်ကျော်

Loading...

Facebook Comments