ဖမ်းဆီးနှိပ်စက်ခံရသော မောင်ဇော်နိုင်နိုင်ဌေး (၁၀)တန်း စာမေးပွဲ ဖြေဆိုနိုင်မည့် အလားအလာမရှိ၊

ဖမ်းဆီးနှိပ်စက်ခံရသော မောင်ဇော်နိုင်နိုင်ဌေး (၁၀)တန်း စာမေးပွဲ ဖြေဆိုနိုင်မည့် အလားအလာမရှိ၊

ဖမ်းဆီးနှိပ်စက်ခံရသော ၁၀ တန်းကျောင်းသားမောင်ဇော်နိုင်နိုင်ဌေး ဆေးကုသမှုခံနေရ၍စာမေးပွဲဖြေနိုင်မည့် အလားအလာမရှိ၊ တပ်ရင်း ၅၃၉ မှ ရိုက်နှက်သည့် တပ်သားတချို့ ကို အမှုဖွင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ ပြည်တော်သာရပ်ကွက်နေ ၁၀ တန်းကျောင်းသား မောင်ဇော်နိုင်နိုင်ဌေး ကို တပ်ရင်း ၅၃၉ ၊ တပ်မတော်သား တချို့က သေနတ်ဖြင့်ထာက် ၊ အတင်းဖမ်းဆီးရိုက်နှက်ခဲ့မှုအပေါ် မိဘများက ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ၊ ညနေပိုင်းလောက်က မောင်ဇော်နိုင်နိုင်ဌေးသည် ကောင်းကင်သစ် ဆီဆိုင်မှ ဆိုင်ကယ်ဆီထည့်ပြီး အပြန်တွင် ၃၇၅ တပ်ရင်းမှ စစ်သားများက ၎င်းကို သေနတ်ထောက်ပြီး ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ကိုပါ စစ်ကားပေါ်တင်ပြီး ကန်စောက် ၅၃၉ တပ်ရင်းသို့ မောင်ဇော်နိုင်နိုင်ဌေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

မောင်ဇော်နိုင်နိုင်ဌေးက သူ့တွင်ပါလာသည့် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် ကတ်ပြားကို စစ်ကားပေါ်ရောက်ရှိစဉ် ထုတ်ပြသော်လည်း ပြန်လွှတ်ပေးခြင်း မရှိဘဲ ဖမ်းဆီးခဲ့ကြောင်း၊ တပ်ရင်း ၅၃၉ နားအရောက်တွင် အရာရှိဟု ထင်ရသူကို တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် ကတ်ပြား ထုတ်ပြသည့်အခါမှ လွှတ်ပေးခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးရွှေစိန်ဦး၏ ပြောပြချက်အရ သိရသည်။

ဖမ်းဆီးရိုက်နှက်မှုကြောင့် မောင်ဇော်ဇော်နိုင်ဌေးသည် ယခုအချိန်အထိ စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ၊ ရိုက်နှက်မှုတွင် ပါဝင်သော တပ်မတော်သားအချို့ကို မတရားချုပ်နှောင်ထားမှု ပုဒ်မ ၂၄၂ ၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ အပါအဝင် ပုဒ်မ ၁၁၄ ၊ ၃၅၂ တို့ဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း ဦးရွှေစိန်ဦးက ပြောသည်။

“ ကျနော်ကို အမှုဖွင့်ထားတယ်လို ပြောတာပဲ ။ ကျနော်လည်း မသိဘူးလေ။ ကျနော်ကို လူတွေက ပြောတယ်။ ခင်ဗျားကို တပ်ကနေ အမှုဖွင့်ထားတယ်လို ပြောတာပဲ။ ကျနော်က Facebook လည်း မကြည့်ဘူးလေ။ မကြည့်တော့ မသိဘူးလေ။ ဒီမှာက သားဇောနဲ့ ဖြစ်နေ။ အခုက ဆေးရုံမှာလေ။ ကျနောပြောခဲ့တာတွေက မှန်ကန်မှု ရှိပါတယ်။ ကျနော်က စစ်တပ်က စစ်သားတွေကို တရားစွဲဆိုတယ်။

ကျနော်သားကို လုပ်တဲ့လူတွေကို ဖော်ပေးပါ။ တရားစွဲဆို ရင်တော့ ကျနော်ဘက်ကတော့ မဟုတ်ဘူး ငြင်းမယ်လေ။ ကျနော်မှာ သက်သေတွေ ရှိတယ်လေ။ ကျနော့်သား လာကြည့်လေ။ အခု သားက ဖြစ်နေတာလေ” ဟု ဦးရွှေစိန်ဦးက ပြောသည်။

မောင်ဇော်နိုင်နိုင်ဌေး ၏ ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးက တပ်ရင်း ၅၃၉ မှ တပ်မတော်သား အချို့ ကို ရာဇသတ်ကြီး ပုဒ်မ ၃၅၂ ၊ ၃၄၂ ၊ ၃၂၅ ၊ ၁၁၄ တို့ဖြင့် ကျောက်တော်မြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က အမှုဖွင့် တရားစွဲဆိုထားကြောင်း ကျောက်တော်မြို့မ ရဲစခန်းမှူး ၊ ဒုရဲမှူးစိုးလွင်ထံမှ သိရှိရသည်။

လက်ရှိတွင် ဆယ်တန်းကျောင်းသား မောင်ဇော်နိုင်နိုင်ဌေးသည် စစ်တွေ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော်လည်း သက်သာပျောက်ကင်းမှု မရှိသေးသဖြင့် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုနိုင်ခြင်း ပြုနိုင်မည့် အလားအလာမရှိကြောင်း ဖခင်ဖြစ်သူ ဦးရွှေစိန်ဦး က ပြောသည်။

“ လက်ရှိအခြေအနေက မထူးဘူး။ သတိရနေသော်လည်း ကြောက်နေတယ်။ အခုထိ အစားမှ လုံးဝမစားတာ ။ ဆရာဝန်တွေကတော့ သားက ကြောက်နေတယ်လို့ ပြောတယ်။ သေ လောက် အောင်တော့ မဖြစ်နိုင်ဘူးတဲ့ “ ဟု ဦးရွှေစိန်ဦးက ပြောသည်။

ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးနှင့် မှုခင်းသတင်းထောက် ကိုကျော်လှမြင့် တို့ကို တပ်မတော်က ကျေက်တော်မြို့မရဲစခန်းတွင် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရန်ကုန်ခေတ်သစ်က အတည်ပြုချက်မရရှိပေ။

“ ကျနော်ဘက်က မဟုတ်သတင်း ဖြန့်ဝေတာ မဟုတ်ပါဘူး။ ကောင်လေးအဖေ ပြောကြား ချက် ကိုပဲ သတင်းထောက်တစ်ယောက်အနေနဲ့ တင်ပေးလိုက်တာ။ ဒါပေမဲ့ ရဲရဲဝဲ့ဝဲ့ တရားရုံး မှာ ရင်ဆိုင်ဖြေရှင်းသွားမှာပါ ။အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်သေတွေလည်း ရှိလာ မှာပါ။

သတင်းက ဖြန့်ဝေတာမဟုတ်ဘဲနဲ့ ကျနော်တို့က သူအဖေပြောကြားချက်ကို မူတည်ပြီး ဖြန့်ဝေတာပဲ “ ဟု မှုခင်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသူ ကိုကျော်လှမြင့်က ပြောသည်။

လက်ရှိတွင် တရားရုံးက တရားရင်ဆိုင်ရန် အကြောင်းကြားမှုမရှိသေးကြောင်း ၊ မှုခင်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသူ ကိုကျော်လှမြင့်က ပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ခံ ဗိုလ်မှူးကြီး ၀င်းဇော်ဦးထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

Credit: khitthitnews

Loading...

Facebook Comments