ဆိုင်ကယ်နဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦး ပိုက်ဆံအိတ်လုပြေးရင်း ကားနဲ့တိုက်မိလို့ ဆေးကုပေးထားရ

မန္တလေး ဖေဖော်ဝါရီ ၂၄

မန္တလေး မဟာအောင်မြေမြို့နယ် အမှတ်(၇)ရဲစခန်းအပိုင်နယ်မြေမှာ မနေ့ကညနေပိုင်းက ဆိုင်ကယ်နဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးဟာ ပိုက်ဆံအိတ်လုယူထွက်ပြေးရင်းကားနဲ့တိုက်မိလို့ တစ်ဦးဒဏ်ရာရပြီး ဆေးရုံမှာဆေးကုသမှုပေးထား ရတယ်လို့ သတင်းရရှိပါတယ်။

မဟာအောင်မြေမြို့နယ် အမှတ်(၇)ရဲစခန်းအပိုင်နယ်မြေဖြစ်တဲ့ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၇ လမ်း၊ ၃၇ လမ်း နဲ့ ၃၈ လမ်းကြားမှာ မနေ့ကညနေ ၄ နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်စဉ်မှာ လူငယ်တစ်ဦးကတော့ ထွက်ပြေးသွားလို့ ဖမ်းဆီးရမိဖို့ဆောင်ရွက်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာမှာ မန္တလေး ချမ်းအေးသာစံမြို့နယ် ၈၉ လမ်း၊ ၂၈ လမ်းနဲ့ ၂၉ လမ်းကြားနေသူ ဦးမောင်မောင်(အသက် ၅၂ နှစ်)ဟာ သားဖြစ်သူကိုကြိုဖို့ နေအိမ်ကနေ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် အလင်းတန်းကျူရှင်ဆီ ဆိုင်ကယ်စီးထွက်လာစဉ် ၈၇ လမ်း၊ ၃၅ လမ်း နဲ့ ၃၆ လမ်းကြား၊ မစိုးရိမ်ကျောင်းတိုက်ဟောင်းရှေ့အရောက်မှာ နောက်ကလိုက်လာတဲ့ဆိုင်ကယ်နဲ့လူငယ်နှစ်ဦးထဲက ထိုင်စီးလာသူလူငယ်က ဦးမောင်မောင်ရဲ့ခါးကြားထိုးထားတဲ့ပိုက်ဆံအိတ်ကို ဆွဲယူပြီး သူတို့ဆိုင်ကယ်ကိုမရပ်ဘဲထွက်ပြေးသွားခဲ့တာဖြစ်ကြောင်း၊ ဦးမောင်မောင်ကအော်ဟစ်အကူအညီတောင်းနေစဉ်မှာပဲ ဆိုင်ကယ်နဲ့လူငယ်နှစ်ဦးဟာ ရှေ့ကသွားနေတဲ့ကား တစ်စီးကို ၀င်တိုက်လိုက်တာဖြစ်ကြောင်း၊ အဲဒီလိုဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူမှာ ၀ဲဂျိုစောင်းစုတ်ပြဲဒဏ်ရာ၊ ၀ဲနဖူးစုတ်ပြဲဒဏ်ရာ၊ ယာမေးရိုးပွန်းပဲ့ဒဏ်ရာတို့ရခဲ့ပြီး နောက်ကနေထိုင်စီးလာသူကတော့ ထွက်ပြေးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူဟာ ဟိန်းထက်စံ(အသက် ၁၇ နှစ်) ချမ်းမြသာစည်မြို့နယ်မှာနေထိုင်သူ ဖြစ်ကြောင်းသိရလို့ မှုခင်းဆေးစာနဲ့မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးဆီပို့ဆောင်ကုသပေးထားပြီး ထွက်ပြေးသွားသူမှာ ၄င်းနဲ့တစ်ရပ်ကွက်တည်းနေသူ ကောင်းခန့်(အသက် ၁၇ နှစ်) ဖြစ်ကြောင်း၊ ထွက်ပြေးသွားသူဖမ်းဆီးရမိဖို့ရဲတပ်ဖွဲ့ကဆောင်ရွက်နေကြောင်း၊ ၄င်းတို့နှစ်ဦးစလုံးအားအမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေကြောင်းလည်း ရဲမှတ်တမ်းအရ သိရပါတယ်။

စောထွေး

Credit :Popular News Journal

Loading...

Facebook Comments