အတူအိုမင်းပြီး အတူသေဆုံးခဲ့ကြတဲ့ ဇနီးမောင်နှံ

အလက်ဇန္ဒားနဲ့ ဂျနတ်တော့ကိုတို့ဟာ ကလေးဘဝကတည်းက သံယောဇဉ်ငြိတွယ်ခဲ့ကြသူတွေဖြစ်ပါတယ်။ ၎င်းတို့မိသားစုရဲ့ပြောကြားချက်အရ အလက်ဇန္ဒားနဲ့ ဂျနတ်တော့ကိုတို့ဟာ အသက် ၈ နှစ်အရွယ်ကတည်းက ချစ်ကြိုက်ခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
၁၉၄၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သားသမီး ၅ ဦးထွန်းကားခဲ့ပါတယ်။ အလက်ဇန္ဒားနဲ့ ဂျနတ်တော့ကိုတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမှာ နေထိုင်ခဲ့ကြပါတယ်။ မကြာသေးမီက အင်တာနက်မှာ မြင်တွေ့ခဲ့ရတဲ့ ၎င်းတို့ရဲ့ဓာတ်ပုံဟာ ကြည့်ရှုရသူရဲ့နှလုံးသားကို ဆွဲခါနိုင်ခဲ့ပြီး ဓာတ်ပုံထဲမှာ သေလုမျောပါးဖြစ်နေတဲ့ အိုမင်းမစွမ်းစုံတွဲတစ်တွဲဟာ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

သတင်းတွေအရ အလက်ဇန္ဒားနဲ့ဂျနတ်တို့ဟာ နာရီအနည်းငယ်စီခြားပြီး ကွယ်လွန်သွားခဲ့ကြတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က အလက်ဇန္ဒားဟာ ချော်လဲရာကနေ တင်ပါးဆုံအရိုးကျိုးခဲ့တာကြောင့် အိပ်ရာထဲ လဲခဲ့ပါတယ်။ အလက်ဇန္ဒားရဲ့သားသမီးတွေဟာ အထူးကုတင်ကို စီစဉ်ပေးခဲ့ပြီး ဂျနတ်ရဲ့ အိပ်ရာအနီးမှာ ထားပေးခဲ့ပါတယ်။ ဂျနတ်ရဲ့ကျန်းမာရေးကလည်း တနေ့တခြား ဆုတ်ယုတ်လာခဲ့ပြီး အလက်ဇန္ဒားနဲ့ ဂျနတ်တို့ဟာ တစ်ယောက်လက်ပေါ်မှာတစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတူ သေဆုံးလိုတဲ့ ၎င်းတို့ဆန္ဒကို ပြောကြားခဲ့ပါတယ်။
နာမည်ကျော် The Notebook ရုပ်ရှင်ကားထဲက ဇာတ်လမ်းအတိုင်းပဲ အတူတူအိုမင်းပြီး အတူတူ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ အလက်ဇန္ဒားနဲ့ ဂျနတ်တို့ဟာ အိမ်ထောင်သက် ၇၅ နှစ်ရှိပြီဖြစ်ပြီး အတူတူသေဆုံးလိုတဲ့ ဆန္ဒလည်း ပြည့်ဝသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အလက်ဇန္ဒားရဲ့သမီးဖြစ်သူ အေမီးတော့ကိုကုရှ်မန်းရဲ့ပြောကြားချက်အရ အလက်ဇန္ဒားက အရင်ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ ဖခင်ဖြစ်သူသေဆုံးသွားပြီဖြစ်ကြောင်း ဖခင်ကို ပွေ့ဖက်ပြီး မှိန်းနေတဲ့ မိခင်ကို အသိပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“အမေက အဖေ့ကို ဖက်ထားပြီး ပြောတယ်။ ‘တွေ့ပြီနော်။ ရှင်လိုချင်တာ ဒါမဟုတ်လား။ ကျွန်မလက်ထဲမှာပဲ ရှင်သေဆုံးသွားခဲ့တယ်။ ကျွန်မ ရှင့်ကို ချစ်တယ်။ အရမ်းချစ်တယ်။ ကျွန်မကို စောင့်ဦးနော်။ မကြာမီအချိန်အတွင်း ကျွန်မလည်း လိုက်လာမယ်’လို့ အမေက ပြောခဲ့ပါတယ်”လို့ အေမီးတော့ကိုကုရှ်မန်းက ပြောပြခဲ့ပါတယ်။

စစ်ပြန်တစ်ဦးဖြစ်တဲ့ အလက်ဇန္ဒားဟာ သူ့ရဲ့အချစ်ရဆုံး ဂျနတ်ရဲ့ဓာတ်ပုံလေးကို စစ်မြေပြင်အထိ ယူဆောင်သွားပြီး ပိုက်ဆံအိတ်ထဲမှာ အမြတ်တနိုးနဲ့ သိမ်းဆည်းထားခဲ့ပါတယ်။ အလက်ဇန္ဒား သိပ်ချစ်ရတဲ့ ဂျနတ်ဟာလည်း နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ အလက်ဇန္ဒားကို ပွေ့ဖက်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ မကြာခဏ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ လင်မယားကွာရှင်းပြတ်စဲမှုတွေ ဖြစ်ပေါ်နေပေမယ့် အခုလို ရင်ကိုလှုပ်ခတ်စေတဲ့ အချစ်ဇာတ်လမ်းမျိုးကတော့ အလွန်ကိုရှားပါးပါတယ်။ အလက်ဇန္ဒားနဲ့ ဂျနတ်တို့ရဲ့ဇာတ်လမ်းဟာ ချစ်ခြင်းမေတ္တာတရားက ဘယ်လောက်အထိ တန်ဖိုးရှိပြီး အမြတ်တနိုးထိန်းသိမ်းထားသင့်တယ်ဆိုတာကို သက်သေပြသခဲ့တာဖြစ်ပါတယ်။

Credit : PyitTineHtaungNews
Credit : လင်းလွန်း(ပစ်တိုင်းထောင်)

Loading...

Facebook Comments