၁၄နှစ်အရွယ်မိန်းကလေးကို ဖျာပုံ NLD ပါတီ ဥက္ကဋ္ဌက သားမယား ပြုကျင့်ခဲ့သည်ဟုဆိုကာ သတင်းစာရှင်းလင်း၊ ငါးဦး အချုပ်ချခံခဲ့ရ..

အသက်မပြည့်သေးသည့် အထွေထွေအလုပ်သမား မိန်းကလေးကို ဖျာပုံ NLD ပါတီဥက္ကဋ္ဌက သားမယား ပြုကျင့်ခဲ့သည် ဟုဆိုကာ သတင်းစာရှင်းလင်းမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး စွပ်စွဲခံရသူဘက်ကစတင်၍ ပုဒ်မ ၁၀ ဖြင့် တရားစွဲခဲ့ရာ မိန်းကလေးငယ် အပါအဝင် ငါးဦး အချုပ်ချခံခဲ့ရကြောင်း သိရသည်။

သားမယား ပြုကျင့်ခံရသည်ဟုဆိုသည်နှင့်ပတ်သက်ပြီး မိန်းကလေးငယ်နှင့် ၄င်း၏မိခင်တို့က ဖေဖော်ဝါရီ ၁၉ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းခဲ့သည်။

သားမယား ပြုကျင့်ခံရသည့် မိန်းကလေးမှာ မ——–(၁၄ နှစ်) ဖြစ်ပြီး ၄င်းမှာ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်တွင် ဖွင့်လှစ်ထားသော Great Light ကိုယ်ပိုင် အထက်တန်းကျောင်းတွင် အထွေထွေ အလုပ်သမားအဖြစ် ၂၀၁၈ ခုနှစ် ဧပြီလတွင် စတင်အလုပ်လုပ်ခဲ့ကြောင်း၊ ငါးလအကြာ စက်တင်ဘာလတွင် နေအိမ်သို့ နေမကောင်းဖြစ်ပြီး ပြန်လာရာ ကျန်းမာရေးစစ်ဆေးရာမှ ကိုယ်ဝန်ရှိကြောင်း သိရသည်ဟု ၄င်း၏အမေ ဒေါ်တင်မျိုးခိုင်က ပြောကြားသည်။

“သူနေမကောင်းလို့ ဆေးစစ်မှ ကိုယ်ဝန်ရှိလာတယ်ဆိုတာ သိရတာ။ ချော့မေးတော့မှ Great Light ကိုယ်ပိုင်အထက်တန်းကျောင်း ပိုင်ရှင်ဖြစ်တဲ့ ဦးမင်းဆွေက အလိုမတူဘဲ သားမယားကျင့်တယ်လို့ ပြောတယ်။ ဦးမင်းဆွေတို့ကို သွားမေးတော့မဟုတ်ဘူး ရန်တွေ့လုပ်တယ်။ သူတို့ကို တာဝန်ယူဖို့ ပြောတာလက်မခံပါဘူး” ဟု ၄င်းကပြောကြားသည်။

ဦးမင်းဆွေက မ——ကို ၂၀၁၈ ခုနှစ် မေ ၁ ရက်တွင် တစ်ကြိမ်၊ မေ ၂ ရက်တွင် တစ်ကြိမ် အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း၊ ဦးမင်းဆွေနှင့် ရရှိခဲ့သည့် ကိုယ်ဝန်မှ လမစေ့ဘဲ ကလေးမွေးဖွားခဲ့ကြောင်း၊ ကလေးမွေးချိန်တွင် မွေးစာရင်းထုတ်ရာ၌ အခက်တွေ့ခဲ့ရကြောင်း ကာယကံရှင် မိန်းကလေးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“သမီးရဲ့ ကိုယ်ဝန်ဟာ ဦးမင်းဆွေနဲ့ရတဲ့ ကိုယ်ဝန်ဖြစ်ပါတယ်။ သမီးက သူတို့တာဝန်မယူပေမယ့် ကလေးကို လမစေ့ဘဲ ခုနစ်လထဲနဲ့ မွေးပြီးသွားပါပြီ။ အခုမွေးစာရင်း ထုတ်ချင်တာ အဖေရဲ့ မှတ်ပုံတင် မရှိလို့ ထုတ်လို့မရဘူး ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို သမီးရင်ဆိုင်သွားမယ်။ ကလေးအဖေ ဘယ်သူဆိုတာပဲ လိုချင်တယ်။ ပိုက်ဆံတွေ ဘာတွေ အဓိက မမက်ပါဘူး” ဟု မ——–က ပြောကြားသည်။

မ———မှာ ယခုအခါ အသက် ၁၅ နှစ်သာ ရှိနေသေးပြီး သူမ၏ ကလေးမှာ နှစ်လသားအရွယ် ယောက်ျားလေး ဖြစ်သည်။

စွပ်စွဲခံရသူ ဖျာပုံမြို့နယ် NLD ပါတီဥက္ကဌ ဦးမင်းဆွေကမူ စွပ်စွဲမှုများအပေါ်ငြင်းဆန်ခဲ့ပြီး ကလေးအဖေ နေရာတွင် ၄င်း၏အမည်ကို ဖော်ပြသဖြင့် ဆေးရုံသို့လည်း ကန့်ကွက်စာတင်ခဲ့ကြောင်းနှင့် ရင်ဆိုင်ဖြေရှင်း သွားမည်ဖြစ်ကြောင်း၊ မွေးဖွားလာသည့် ကလေးငယ်၏ DNA စစ်ဆေးမှုများအတွက်လည်း အကုန်အကျခံမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် ၄င်းအား စွပ်စွဲသူနှင့်အတူ ငါးဦးကိုလည်း ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ဦးမင်းဆွေက ပြောကြားသည်။

“ဒီကလေးမလေး ငါးလပိုင်း ၁ ရက်နေ့မှာ ကျွန်တော်တို့ဆီ အလုပ်လုပ်ဖို့ ရောက်လာတယ်။ ၉ လပိုင်း ၄ ရက်နေ့မှာ ပြန်သွားပါတယ်။ ပြန်သွားပြီး ကျွန်တော့်သားဆီမှာ ဦးမင်းဆွေနဲ့ ကိုယ်ဝန်ရပါတယ်လို့ ပြောတယ်။ ကျွန်တော့်သားက ငါ့အဖေ သားကြောဖြတ်ထားတာ အသက် ၄၇ ခုနှစ်ကတည်းက ခုတောင် ၆၀ ကျော်နေပြီ။

နင်တို့ဟာက ဘယ်လိုလဲလို့မေးတော့ အိမ်ပေါ်ကနေ ဆင်းပြေးပါတယ်။ ကျွန်တော်သိရသလောက် တီဗီဓာတ်မှန်ရိုက်ကို ၉ လပိုင်း ၁၀ ရက်နေ့မှာ ရိုက်တယ်။ အဲဒီချိန် ကိုယ်ဝန်က ၆ လရှိနေပြီ။ အိမ်ကိုမလာခင်ကတည်း ကိုယ်ဝန်က နှစ်လဖြစ်နေပြီ။ သူတို့ဆေးရုံမှာ ကလေးမွေးတော့ ကလေးအဖေကို ဦးမင်းဆွေလို့ နံမည်တပ်ထားလို့ ကျွန်တော် ဆေးရုံက ဆရာဝန်ကြီးတွေဆီသွားပြီး စာတင်ကန့်ကွက်ခဲ့တယ်။

ပြီးတော့ ဖျာပုံရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်။ ဒါဟာ NLD ကို သိက္ခာချချင်လို့ ဘေးကလူတွေက ဒီကလေးကို ခုတုံးလုပ် တည်ကြက်လုပ်နေတာပါ။ ကျွန်တော်က လက်ရှိဖျာပုံမြို့မှာ NLD ဥက္ကဋ္ဌပါ။ ကျွန်တော် ဒါကို ရဲရဲရင်ဆိုင် ဖြေရှင်းသွားမှာပါ။ ကျွန်တော် သားကြောဖြတ်ထားတာ အသက် ၄၇ ကျော် အငယ်ဆုံး ကလေးမွေးပြီး ကတည်းကပါ။

သူတို့က ဒါကို သီဟတင်စိုးလို အကြောင်းပြပြီး သိန်း ၅၀၀ လျော်ကြေးတောင်းနေတာပါ။ ဒီကိစ္စကို လက်မခံနိုင်ပါဘူး။ တရားဥပဒေအရ ရင်ဆိုင်သွားမှာပါ။ ဖျာပုံမြို့ NLD ဥက္ကဋ္ဌ သိက္ခာ၊ ဖျာပုံမြို့ သိက္ခာ NLD သိက္ခာကို အပုတ်ချချင်တာကြောင့် ဒီလို ဖြစ်တာပါ။

ကျွန်တော်က ဆရာဝန်ကြီးတွေကို စာရေးတင်ထားပါတယ်။ DNA စစ်ပေးဖို့နဲ့ နိုင်ငံခြားထိပို့ရမယ်ဆိုလည်း ကုန်ကျစရိတ်ကို ကျွန်တော် အကုန်ခံမယ် ဆိုတဲ့အကြောင်း၊ ကျွန်တော်သားကြော ဖြတ်ထားတာကို မှန်မမှန် စစ်ဆေးပေးဖို့ တောင်းဆိုထားတာပါ” ဟု ဦးမင်းဆွေက ပြောကြားသည်။

ဦးမင်းဆွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေ၏ ဖခင်ဖြစ်ပြီး ယခုအမှုနှင့်ပတ်သက်၍ မှန်ကန်မျှတသော တရားစီရင်မှုရရှိရေးနှင့် မည်သို့သော ဖိအားပေးမှုများ မဖြစ်ပေါ်စေရေးအတွက် မိန်းကလေးငယ်ဘက်မှ လိုက်ပါကူညီနေသူများက တောင်းဆိုမှုများလည်း ရှိနေသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀/၁၂ တို့ဖြင့် အမှုဖွင့် ခံခဲ့ရခြင်းကြောင့် အာမခံမရဘဲ မ——–နှင့်အတူ မိခင်ဖြစ်သူ ဒေါ်တင်မျိုးခိုင်နှင့် ၄င်းတို့ကို လိုက်ပါကူညီသူနှစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ၁၀ ရက်ကြာ အချုပ်ချခံခဲ့ရသည်။ ထို့ပြင် မ——–နှင့်အတူ ကလေးငယ်မှာလည်း အချုပ်အတွင်း လိုက်ပါနေထိုင်ခဲ့ရကြောင်း သိရသည်။

လတ်တလောတွင် မိန်းကလေးငယ်ဘက်ကလည်း မရမ်းကုန်မြို့နယ်ရဲစခန်းတွင် အရေးယူပေးရန် တိုင်တန်းထားပြီး ဦးမင်းဆွေက အမှုဖွင့်ထားသည့် ပုဒ်မ ၁၀ နှင့်ပတ်သက်၍မူ အာမခံဖြင့် တရားရင်ဆိုင်လျက်ရှိကြောင်းနှင့် လက်ရှိအာမခံ ရရှိထားမှုကို ရုပ်သိမ်းရန် စွပ်စွဲခံရသူဘက်က အထက်တရားရုံးသို့ လျှောက်ထားမှုများ လုပ်ဆောင်ရန် ရှိနေကြောင်း မ——-ဘက်မှ ပြောကြားချက်အရ သိရသည်။

Credit:Eleven Media Group

Loading...

Facebook Comments