ဇနီးဖြစ်သူကို ဖောက်ပြန်တယ်ထင်ပြီး ပေါက်ပြားနဲ့ ခုတ်သတ်မိတဲ့ ဖြစ်ရပ်

မူးယစ်ဆေးဝါးအသုံးလွန်၍ကြောင်နေသည့်အမျိုးသားက အိပ်နေသောဇနီးဖြစ်သူကိုလူမှုရေးဖောက်ပြန်သည်ဟုထင်ယောင်ထင်မှားဖြစ်ကာ ပေါက်ပြားဖြင့်ရိုက်သတ်မှု ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ လွယ်လုံကျေးရွာအုပ်စု၊ ဟွေလုံကျေးရွာတွင်နေထိုင်သော ဦးဆားဂျေ(၄၈)နှစ်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၃ နာရီခန့်တွင် နေအိမ်တွင်အိပ်ပျော်နေသော ဇနီးဒေါ်အာမူ(၄၄)နှစ်အား ပေါက်ပြားဖြင့်ရိုက်သတ်ကာအိမ်ပေါ်မှဆင်းသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တာဝန်ရှိရဲတပ်ဖွဲ့များ၏စစ်ဆေးချက်အရ ဒေါ်အာမူ၏ ဝဲနဖူးဦးခေါင်းထိပ်၌ ၂ လက်မခန့်ပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် အိပ်ယာထက်တွင်သေဆုံးနေကြောင်းတွေ့ရှိသဖြင့် ရင်ခွဲရုံသို့တင်ပို့ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ ဦးဆားဂျေကိုဖမ်းဆီးခဲ့သည်။

“တရားခံကဆေးကြောင်နေတဲ့သူဖြစ်ပြီးတော့ သူ့အမျိုးသမီးကို ဖောက်ပြန်နေတယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်နေတာပေါ့။အခင်းဖြစ်နဲ့ညက ဦးဆားဂျေ ပေါက်ပြားကိုင်နေတာကို သူတို့သမီးငယ်လေးကတွေ့တဲ့အတွက် အဖေဘာလုပ်မလုပ်လဲလို့မေးလိုက်သေးတယ်။သူကလည်း နင့်အမေကိုရိုက်မလို့ဆိုပြီးတော့ အခုလိုရိုက်သတ်သွားတာပါပဲ။ သူတို့လင်မယားမှာ အသက် ၂၅ နှစ်အရွယ်သားကြီးတစ်ယောက်လည်းရှိတယ်။သူက တရားလိုပေါ့” ဟု ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအတွက်ကြောင့် အရေးယူပေးပါရန် သားဖြစ်သူလီဒို(၂၅)နှစ်ကတိုင်တန်းသဖြင့် ပြစ်မှုကျူးလွန်သော ဆားဂျေ(၄၈)နှစ်ကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကျိုင်းတုံမြို့မရဲစခန်း၌အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit:Zin Moe

Loading...

Facebook Comments