ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး သပိတ်စခန်းကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရှိ NLD ရုံးရှေ့ရှိ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး ဖွင့်လှစ်ထားသော သပိတ်စခန်းကို ယနေ့ မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားလိုက်ပြီး ၃၆ ဦးကို ဖမ်းဆီးထားကြောင်း သပိတ်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးခွန်သောမတ်စ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“သပိတ်စခန်းကိုတော့ ရဲဘက်က ဖြိုခွင်းလိုက်ပါပြီ။ အခု အဖမ်းခံထားရတဲ့သူ အရေအတွက်က ၃၆ ဦး ရှိပါတယ်။ အားလုံးကို စခန်းခေါ်သွားကြပြီ။ ကျနော်တို့သိထားသလောက်တော့ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ပဲ စွဲမယ်ထင်တယ်။ ဒါပေမယ့် ဘာပုဒ်မတွေ ထပ်တိုးလာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်” ဟု ဦးခွန်သောမတ်စ်က ပြောသည်။

သပိတ်စခန်း မဖြိုခွဲမီ သပိတ်စခန်းရှေ့တွင် လက်ချင်းချိတ်၍ စောင့်ဆိုင်း သပိတ်မှောက်နေကြသော ခေါင်းဆောင် ၄ ဦးမှာ အစောဆုံး အဖမ်းခံလိုက်ရပြီး အဆိုပါ ခေါင်းဆောင် ၄ ဦးမှာ မူအဂ္ဂနက်၊ခွန်ဂျော်လယ်၊ ခွန်ရဲမင်းကျော်၊ ခူးကြူးဖဲကေးတို့ဖြစ်ပြီး ကျန်ရှိသူများ၏ အမည်များကို မသိရှိရသေးပေ။

သပိတ်စခန်း တာဝန်ခံတစ်ဦးကလည်း လက်ရှိ သပိတ်စခန်း ဖြိုခွင်းခံရလိုက်ရသော်လည်း မကြာမီ သပိတ်စခန်း ထပ်မံ ဖွင့်လှစ်မည်ဖြစ်ပြီး ကရင်နီပြည်သူများ တောင်းဆိုနေသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းခြံအတွင်းမှ နေရာ ရွှေ့ပြောင်းရေး ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့က ဆက်လက်သပိတ်ကို ဖွင့်လှစ်သွားမှာပဲ။ ဥပဒေအရ အရေးယူတဲ့အပိုင်းကတော့ သူတို့အပိုင်းပဲ ။ ကျနော်တို့က ဥပဒေပိုင်း အရေးယူတာကို ကြောက်နေတာမဟုတ်ဘူး။ ကျနော်တို့က ကိုယ်ရဲ့ မျှော်မှန်းချက် ၊ တောင်းဆိုချက်ကို ဆက်လက် ဆုပ်ကိုင်သွားမှာပဲ။

ဥပဒေ ၊ လုပ်ထုံးလုပ်နည်း တို့ဟာ ပြည်သူတွေဘက်မှာ မရှိဘူး။ ပြည်သူကို ဖိနှိပ်ဖို့ အတွက် ၊ သူတို့ အလုပ်သက်သာဖို့အတွက် အဲဒီလိုအတွက်ပဲ လုပ်ထားတာ။ ဥပဒေမှာလည်း တရားမျှတမှု မရှိဘူး ။ ဥပဒေအကောင်အထည်ဖော်တဲ့ လူတွေကလည်း ဒီအပေါ် ကျိုးကြောင်းဆီလျော် တရားကို အလေးမထားဘဲ ဖိနှိပ်တဲ့အတွက် ပြဿနာတွေ ကြီးမားနေတာဖြစ်တယ်လို့ ပြောချင်တယ်”ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဒီးဒီက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး သပိတ်စခန်းသည် မူလပထမ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရာ ကန္ဒာဟေဝန် ပန်းခြံ ရှေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြိုခွင်းခံခဲ့ရကာ သပိတ်မှောက်သူ ၂၀ဦးကို ပုဒ်မ ၁၉ ဖြင့် အာဏာပိုင်များက တရားစွဲခဲ့သည်။ ယင်းနောက် ကယား NLD ရုံးရှေ့တွင် သပိတ်စခန်း ဒုတိယအကြိမ်ဖွင့်လှစ်ခဲ့ပြီး ယနေ့တွင် ထပ်မံ ဖြိုးခွင်းခံခဲ့ရခြင်းဖြစ်သည်

Credit :Khitthitnews

Loading...

Facebook Comments