နေပြည်တော်မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို လူ၁၅ဦးခန့်မှ ဓါးများနဲ့ ၀ိုင်းခုတ်

နေပြည်တော်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး အုပ်စုဖွဲ့ ရန်ပြုတိုက်ခိုက်ခံရ၍ ဆေးရုံရောက် ။ နေပြည်တော်တွင် ယနေ့ (ဇန်နဝါရီ ၁၈ ရက်)နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဓားခုတ်ခံရ၍ ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

ရဲတပ်ကြပ် ဝင်းနိုင်ဦး နှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့သည်ဇန်နဝါရီ ၁၈ ရက် နေ့ ၁၂နာရီ ၄၅မိနစ်အချိန်က ခရရ(ဒက္ခဏ) မှပျဉ်းမနားမြို့နယ် တရားရုံးသို့ သက်သေခံရန်လာရောက်စဉ် ပျဉ်းမနားမြို့ ၊ ရွာကောက်ရက်ကွက်၊နှင်းဆီပန်း အဝိုင်းအနီးအရောက်တွင် ဆိုင်ကယ်စီးလာသော ကျောင်းသားတဦးအား ဆိုင်ကယ်နှစ်စီး ၊

လူလေးယောက်မှ လေးခွဖြင့်ပစ်သည့်ဖြစ်စဉ်ကြောင့် အဆိုပါ လေးဂွ ဖြင့်ပစ်သူ လေးဦးအား ရဲတပ်ကြပ် ဝင်းနိုင်ဦးတို့ စီးနင်းလာသည့် ယာဉ်အမှတ် YGN 9G /1604 HONDA FIT အနီရောင်ကားဖြင့် ရာဇနီလမ်းအတိုင်း ဘောဂသီရိကားကြီးကွင်းဘက်သို့ လိုက်လံဖမ်းဆီးစဉ် ငွေကျားတိုက်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အနီးတွင် ဆိုင်ကယ်စီးနင်းလာသူ လေးဦးအနက်မှတဦးကိုဖမ်းဆီးရမိခဲ့ပြီး ကျန်သုံးဦးမှာ ထွက်ပြေးသွားခဲ့သည်။

ဖမ်းဆီးရမိသည့် အမျိုးသားကို ကားပေါ်သို့ တင်ဆောင်နေစဉ် ယင်းနေရာသို့ လူ ၁၅ဦးခန့် ရောက်ရှိလာခဲ့ရာ ရဲတပ်ကြပ် ဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့က ၄င်းတို့နှစ်ဦးသည် ရဲများဖြစ်ကြောင်း ပြောခဲ့သော်လည်း ” ရဲလည်း ခုတ်တယ်ကွာ ” ဟုပြောကာ လူ ၁၅ဦးခန့်က အင်္ကျီ ကော်လံနောက်ကျောအတွင်းများမှ ဓားများထုတ်၍ ဝိုင်းခုတ်ခဲ့သဖြင့်

ရဲတပ်ကြပ် ဝင်းနိုင်ဦးတွင် ယာလက်မောင်း ပုခုံးထိပ် ပြတ်ရှဒဏ်ရာ တချက်၊ ဝဲလက်မောင်းပုခုံးထိပ် ပြတ်ရှဒဏ်ရာ တချက်၊ ယာဂျိုစောင်းထိပ် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ရဲတပ်ကြပ် ဇေယျာသိန်းတွင် ဝဲဘက်တထောင် ပြတ်ရှဒဏ်ရာ တချက်၊ ဝဲလက်ညိုး၊လက်ခလယ် ၊လက်သူကြွယ် ပြတ်ရှဒဏ်ရာ ၊ ယာလက်ဖျံ ပြတ်ရှဒဏ်ရာနှင့် လက်ကျိုးဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ ၂ချက် ၊ ယာပါးဖူးရောင်ပေါက်ပြဲ ဒဏ်ရာတချက်တို့ ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိခဲ့သည့် ကိုလင်း၊ ၄ဝနှစ်၊၊ပန်းခင်း (၂)၊(၃) လမ်း၊ရွာကောက်ရပ်ကွက် ပျဉ်းမနားမြို့နေသူအား ကုတင် ၂၀ဝ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူ ရဲတပ်ကြပ် ဝင်းနိုင်ဦး နှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့မှာ ကုတင်၂၀၀ ဆေးရုံမှတဆင့် ကုတင် ၁၀၀၀ ဆေးရုံသို့ ပြောင်းရွှေ့ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ကနဦး သိရှိရသည်။ ထွန်း( နေပြည်တော်)

News Watch

Loading...

Facebook Comments