ကိုယ်တိုင် မွေးထားတဲ့ မိကျောင်း ကိုက်သတ်လို့ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦး သေဆုံး

အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးဟာ ကိုယ်တိုင် မွေးမြူထားတဲ့ မိကျောင်းကြီး တစ်ကောင်ရဲ့ အရှင်လတ်လတ် ဝါးမြို စားသောက်ခြင်းကို ခံခဲ့ရပါတယ်။
သိပ္ပံ ပညာရှင် တစ်ဦးလည်းဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် ဒေစီတူဝိုဟာ ဆူလာဝေဆီက သူအလုပ်လုပ်တဲ့ ပုလဲမွေးမြူရေး စခန်းမှာ မိကျောင်းကြီး တစ်ကောင်ကို မွေးမြူထားပါတယ်။

ဒေစီဟာ မိကျောင်းကန်နားမှာ အစာကျွေးရင် မတော်တဆ ပြုတ်ကျသွားရာက ၁၇ ပေ ရှည်လျားတဲ့ သားရဲကောင်ကြီးရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။

မယ်ရီလို့ နာမည်ပေးထားတဲ့ မိကျောင်းကြီးကို တရားဝင် ခွင့်ပြုချက် မရှိဘဲ အဲဒီစခန်းမှာ ထားရှိ မွေးမြူထားတာပါ။ ကီလိုဂရမ် ၇၀၀ လောက် အလေးချိန်ရှိတဲ့ တွားသွားသတ္တဝါကြီးရဲ့ ကိုက်ခဲမှုကြောင့် ဒေစီရဲ့ လက်မောင်း ပြတ်ထွက်သွားသလို ဗိုက်ထဲက ကလီစာတွေပါ ထွက်လာခဲ့ပါတယ်။

အခင်းဖြစ်ပြီးချိန်မှာတော့ မိကျောင်းကြီးကို ဖမ်းဆီးပြီး ထိန်းသိမ်းရေး စခန်းတစ်ခုဆီ ပြောင်းရွှေ့ ပို့ဆောင်ခဲ့ပါတယ်။

ဒီမိကျောင်းကြီးကို ဒေစီက မွေးမြူထားပေမယ့် ပုလဲမွေးမြူရေးစခန်း ပိုင်ရှင်က ပိုင်ဆိုင်ကြောင်း ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဒေစီဟာ ပုလဲမွေးမြူရေး စခန်းရဲ့ ဓာတ်ခွဲခန်းမှူးဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်က မိကျောင်းကို အစာသွားကျွေးရင်း ပြန်မလာတော့ပါဘူး။ နောက်တစ်နေ့ကျမှ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက မိကျောင်းကန်ထဲမှာ မြင်ရက်စရာ မရှိလောက်အောင် အခြေအနေ ဆိုးနေတဲ့ အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။

မိကျောင်းရဲ့ ဝမ်းဗိုက်ထဲမှာ ဒေစီရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရှိနေဦးမယ်လို့ မှုခင်းစစ် အရာရှိတွေက ယူဆထားပါတယ်။

လောလောဆယ်တော့ ဆူလာဝေဆီ ရဲတပ်ဖွဲ့ဟာ ဂျပန်နိုင်ငံသား တစ်ဦးလို့သာ ဖော်ပြထားတဲ့ ပုလဲမွေးမြူရေးစခန်း ပိုင်ရှင်ကို လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။

Credit :www.7daydaily.com

Loading...

Facebook Comments