ဦးဇော်ဌေးကို ဘီဘီစီက တရားဝင်တောင်းပန်ရမယ်လို့ သမ္မတရုံးပြောကြား

၂၀၁၉ခုနှစ် ၊ ဇန်န၀ါရီလ ၁၁ ရက်

ဇန်န၀ါရီလ ၇ရက်နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီသတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ပြသမှု (Live) ပြုလုပ်ရာမှာ ရုပ်ပြောင်ပုံတွေကို ထည့်သွင်းမိတဲ့အပေါ် တရားဝင်တောင်းပန်ပေးရမယ်ဖြစ်တယ်လို့ သမ္မတရုံးထံမှ သိရပါတယ်။

ဘီဘီစီသတင်းဌာနအနေနဲ့ တရားဝင်တောင်းပန်ဖို့ သမ္မတရုံးက ဇန်န၀ါရီလ ၉ရက်နေ့စွဲနဲ့ သတင်းမီဒီယာကောင်စီထံကို စာပေးပို့ထားပြီးဖြစ်တယ်လို့ သမ္မတရုံး ဒုတိယညွှန်ချုပ် ဦးတင့်ဆွေက ပြောပါတယ်။

ဘီဘီစီသတင်းဌာနအနေနဲ့ ၄င်းတို့ရဲ့ Live ထုတ်လွှင့်မှုမှာ မမျှော်လင့်ဘဲ Effect တွေ ပါဝင်သွားခဲ့တဲ့အတွက် သိသိချင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်ပြီး အသစ်ပြန်လည် ထုတ်လွှင့်ခဲ့ကြောင်း ၊ မရည်ရွယ်ဘဲ ဖြစ်သွားရခြင်းအပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်းတို့ကို အဲ့ဒီနေ့ည ၇နာရီအချိန်က ၄င်းတို့ရဲ့ Facebook Page မှာ ထုတ်ပြန်ရေးသားပေးခဲ့ပါတယ်။

Live ထုတ်လွှင့်ခဲ့သူ ဘီဘီစီသတင်းထောက်ကိုယ်တိုင်ကလည်း ဦးဇော်ဌေးကိုဖုန်းဆက်ပြီး တောင်းပန်ခဲ့သလို သူ့ရဲ့ Personal Account မှလည်း ၀မ်းနည်းကြောင်းရေးသားဖော်ပြခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတရုံးအသိုင်းအ၀ိုင်းဘက်ကတော့ ဘီဘီစီအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောဆိုတာဟာ တစ်ဖက်လူကို တောင်းပန်တာမဟုတ်တဲ့အတွက် လက်ခံလို့ မရဘူးလို့ ပြောပါတယ်။

သမ္မတရုံးရဲ့ တိုင်ကြားစာကို သတင်းမီဒီယာကောင်စီက လက်ခံရရှိကြောင်းအတည်ပြုပေးခဲ့ပြီး ကြားဝင်ဖြေရှင်းပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Credit : Channel B Media Group

Loading...

Facebook Comments