ဆည်းကပ်သူတွေပျောက်ဆုံးနေလို့ ဘုရားငယ်ဆိုသူကို နီပေါ စုံစမ်းစစ်ဆေး

ဆည်းကပ်သူတွေက ဗုဒ္ဓဘုရားငယ်လို့ ယုံကြည်နေကြတဲ့ နီပေါဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆည်းကပ်သူများစွာပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ခတ္တမန်ဒူက ရဲအရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။

နီပေါရဲ့ တောအုပ်အတွင်းမှာ ရေမသောက်၊ အစားမစား မအိပ်စက်ဘဲ လနဲ့ချီ တရားကျင့်ကြံနိုင်တယ်လို့ တပည့်တွေက ပြောကြားပြီးနောက် ဘုရားငယ်လို့ ခေါ်ဝေါ်ကြတဲ့ Ram Bahadur Bomjan ဟာ ၂၀၀၅ ခုနှစ်မှာ နာမည် ကျော်ကြားလာခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သည်ကိုယ်တော်မှာ အနီးကပ်ကိုးကွယ်သူတပည့်တစ်ဦးရှိပေမဲ့ သည်လူဟာ ကိုယ်တော့်ရဲ့ နောက်လိုက်အချို့ကို ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတယ်လို့ စွပ်စွဲခံထားရပါတယ်။

Bomjan ရဲ့ တပည့် ၄ ဦးရဲ့ မိသားစုဝင်တွေဟာ သူတရားကျင့်တဲ့နေရာကနေ ပျောက်ကွယ်သွားတယ်လို့ သတင်း ထွက်ပြီးနောက် ရဲတပ်ဖွဲ့အထူးစုံစမ်းရေးအရာရှိတွေက စတင်စစ်ဆေးနေပါတယ်။

“Bomjan ကို တိုင်ကြားထားမှုတွေကို ရဲတွေက စတင်စုံစမ်းစစ်ဆေးနေတယ်” လို့ နီပေါ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုအတွက် ပြောရေးဆိုခွင့်ရှိသူ Uma Prasad Chaturbedi က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

“သည်စုံစမ်းစစ်ဆေးရေးက ကနဦးအဆင့်သာရှိသေးတဲ့အတွက် ကျွန်တော်တို့ အသေးစိတ်အများကြီး မပြောနိုင်သေးပါဘူး။”

Bomjan ဟာ သက်ဝင်ယုံကြည်သူတွေကို အလွဲသုံးစားလုပ်မှုနဲ့စွပ်စွဲချက်တွေနဲ့အရင်ကတည်းက နာမည်ပျက်ခဲ့ပြီး ဖြစ်ပေမယ့် တောတွင်းမှာ သူ့ရဲ့အံ့ဖွယ်တရားကျင့်မှုကို ဖူးတွေ့ရဖို့အတွက် ဝတ်ပြုသူထောင်နဲ့ချီ တန်းစီစောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အသက် ၁၈ နှစ်အရွယ် သီလရှင်တစ်ပါးက အဆိုပါကိုယ်တော်ဟာ သူ့ကို သူတရားကျင့်တဲ့နေရာတွေထဲကတစ်ခုမှာ မုဒိန်းကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ကိုယ်တော့်ဟာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ စွပ်စွဲထားတဲ့ တိုင်ချက်များစွာ အတိုင်ခံထားရပါတယ်။ သူတို့က သူတရားကျင့်တာကို နှောင့်ယှက်တာကြောင့် ရိုက်ခဲ့တာဖြစ်တယ်လို့ သည်ကိုယ်တော်က ပြောခဲ့ပါတယ်။

သည်ကိုယ်တော်နဲ့ ပတ်သက်မှုရှိတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Bodhi Shrawan Dharma Sangha က သူတရားကျင့်တဲ့နေရာမှာ လူပျောက်ဆုံးမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အကြမ်းဖက်မှု အသေးစိတ်ကို ဖော်ပြထားတဲ့ ဒေသတွင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Setopati.com ရဲ့ စွပ်စွဲချက်တွေဟာ ခိုင်လုံမှုမရှိဘူးလို့ မကြာသေးမီက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
မေသက်
Ref: AFP. Jan 7, 2019

Credit : www.kumudranews.com

Loading...

Facebook Comments