မင်းသား ဝေဠုကျော် ပရဟိတကိစ္စနှင့် မြင်းမူမြို့တွင် ရောက်ရှိနေဟုဆို

အလှမယ် သင်းသင်းက ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲဆိုခြင်းခံထားရသူ ရုပ်ရှင်သရုပ်ဆောင်နှင့် ပရဟိတသမားဖြစ်သူ ဝေဠုကျော်သည် လတ်တလောတွင် ပရဟိတကိစ္စများဆောင်ရွက်ရန် စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ရောက်ရှိလျက်ရှိကြောင်း ဝေဠုကျော်၏ဖခင်က ပြောကြားသည်။

“ဦးကတော့ လူငယ်တွေကိစ္စမှာ ဘာမှ ဝင်မပါချင်ဘူး။ ဝေဠုကျော်ထိခိုက်အောင်တော့ မရေးစေချင်ဘူး။ လုပ်ကြံခံရတာတွေလည်း ရှိနေတယ်လေ။ ဦးသိတာ ဖြေနိုင်တာ တခါတည်းပဲပြောလိုက်မယ်။ ဝေဠုကျော်ကတော့ အရင်ရက်တွေကတည်းက ဖျာပုံ မီးလောင်မှုကို ဖောင်ဒေးရှင်းကအဖွဲ့နဲ့ သွားရောက်ကူညီနေတာ စစ်ကိုင်းတိုင်းဘက်တလျှောက် ဒီပဲယင်းမြို့နယ်က ဒေသခံနယ်တွေမှာလည်း ပရဟိတအလုပ်တွေ လုပ်နေတာပဲ။ အခုလည်း မြင်းမူမြို့မှာ ပရဟိတကွန်ရက်အဖွဲ့နဲ့ ပရဟိတလုပ်ငန်းတွေ ဆွေးနွေးဖို့ ရောက်ရှိနေပါတယ်”ဟု ဦးစိုးသိန်းက News Watch သို့ ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

ဝေဠုကျော်အား ကာမလိမ်လည်ရယူမှု ဥပဒေပုဒ်မ ၄၁၇ အရ စစ်ဆေးအရေးယူပေးပါရန် သင်းသင်းက ဇန်န၀ါရီလ ၈ ရက်နေ့တွင် သင်္ဃန်းကျွန်းတရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးက လက်ခံပေးခဲ့သည်။

ဝေဠုကျော်သည် မြင်းမူတွင် ပရဟိတကိစ္စများဆောင်ရွက်ပြီးလျှင် နာဂတောင်တန်းကြိုးတံတားဆောက်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ နာဂလူမျိုးအကြီးအကဲများနှင့် တွေ့ဆုံရန် နာဂတောင်တန်းဘက်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်းလည်း ဦးစိုးသိန်းက ပြောကြားသည်။

ဝေဠုကျော်နှင့် အလှမယ်သင်းသင်းတို့သည် ချစ်သူရည်စားဖြစ်ခဲ့ဖူးကြောင်း ဝေဠုကျော်က ပြည်တွင်းမီဒီယာတခုသို့ တရားဝင် ဖြေကြားထားသည်။

ရည်စားဟောင်းဖြစ်သူကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုရခြင်းမှာ ငွေကြေးတစုံတရာ လိုချင်၍မဟုတ်ဘဲ တရားဥပဒေအကြောင်းကို သိစေချင်၍ဖြစ်ကြောင်း၊ ဝေဠုကျော်အပေါ် နစ်နာစေလိုသည့်စိတ်မရှိကြောင်း၊ အမှုကို ဥပဒေလမ်းကြောင်းနှင့်အညီသာဖြစ်စေလိုကြောင်း အလှမယ်သင်းသင်းက သင်္ဃန်းကျွန်းတရားရုံးမှအထွက်တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

အဆိုပါအမှုအတွက် ဇန်န၀ါရီ ၂၂ ရက်တွင် ရုံးချိန်းပြန်ခေါ်ထားကြောင်း၊ ဝေဠုကျော်အား တရားရုံးမှတဆင့် ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ မှာ ရာဇ၀တ်မှုဖြစ်သည်။ အမျိုးသမီးတဦးကို လက်ထပ်ပါမည်ဟု ယုံကြည်အောင် လိမ်လည်ပြောဆို၍ ကာမရယူပြီးနောက် လက်ထပ်ရန်ငြင်းဆန်လျှင်၊ ပျက်ကွက်လျှင်လည်း လိမ်လည်မှုကိုကျုးလွန်သဖြင့် ထိုသူကို ပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် (၃) နှစ်နှင့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်း သိရသည်။

ဇိုးလေး
Photo-Wai Lu Kyaw fb
Credit : http://newswatch-mm.com

Loading...

Facebook Comments