ယောဂီဒေါ်နန္ဒမာလာက ဦးပိုင်မှ အစုချေးငွေ သုံးဆရမည်ဟုဆိုကာ လိမ်လည်သွားခြင်းဖြစ်ဟု တရားလိုပြော

ယောဂီဒေါ်နန္ဒမာလာက ကျပ်သိန်း ၂၆ဝဝ အား စက်သုံးဆီလုပ်ငန်းနှင့် ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီမှ မိမိထည့် ဝင်ငွေ၏ အစုချေးငွေ ၃ ဆရမည်ဟုဆိုကာ လိမ်လည်သွားခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ရွှေကိန္နရီခရီးသည် လုပ်ငန်း လည်ပတ်နိုင်ရန် ခရီးသည်ရရှိရေးဆောင်ရွက်ပေးမည်ဟုဆိုကာ လိမ်လည်သွားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင် တရားစွဲထားသူ ဦးနေမျိုးနိုင်က ပြောသည်။

“ ပထမ တစ်ခုကတော့ စက်သုံးဆီနဲ့ ပတ်သက်ပြီးတော့ ဦးပိုင်ကုမ္ပဏီကနေပြီးတော့မှ အစုချေးငွေပေါ့ဗျာ။ အစုချေးငွေ ရရှိမယ်။ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေနဲ့ ပိုင်တယ်။ ဥက္ကဋ္ဌတွေနဲ့ ပိုင်တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး တော့မှ အစုချေးငွေကို မိမိထည့်ဝင်ငွေရဲ့ သုံးဆပေါ့ဗျာ။ သုံးဆရရှိရေး ဆောင်ရွက်ပေးမယ်ဆိုတဲ့အပိုင်းနဲ့ ယုံကြည်အောင်ပြောဆိုပြီးတော့မှ လိမ်သွားတာပေါ့။ ဒါက စက်သုံးဆီလုပ်ငန်းအပိုင်းပါ။ နောက်တစ်ခုက စက်သုံးဆီ လုပ်ငန်းလုပ်ရင်းနဲ့ပဲ ကျွန်တော်တို့ သူ့အိမ်ကို ဝင်ထွက်သွားလာရင်းနဲ့ပဲ ကျွန်တော်ဆောင်ရွက်နေတဲ့ ရွှေကိန္နရီခရီးသည် လုပ်ငန်း လည်ပတ်နိုင်ဖို့ ခရီးသည်ရရှိရေးကို ဆောင်ရွက်ရင်းနဲ့ပဲ ဒါလည်း ထပ်ပြီးတော့မှ ပါတာပေါ့”ဟု ဦးနေမျိုးနိုင်က ဆက်ပြောသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုဖြင့် တရားစွဲခံရသူ ယောဂီဒေါ်နန္ဒမာလာကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ယင်းရုံးချိန်းတွင် ဒေါ်နန္ဒမာလာအား အာမခံပေး၊ မပေး အမိန့်ချမည်ဖြစ်သော်လည်း ရုံးချိန်းရက်မရောက်သေးသောကြောင့် တရားသူကြီးက ရဲတပ်ဖွဲ့အား ချုပ်မိန့် ပေးခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့က တရားရုံးက သူ့အပေါ်တရားစွဲဆိုထားတဲ့ ပုဒ်မက ရာဇသတ်ကြီး ၄၂ဝ ပုဒ်မက အာမခံပေးလို့ရတဲ့ ပုဒ်မ။ ဒီနေ့ အာမခံမပေးရတဲ့အကြောင်းရင်းက တရားရုံးမှာ ရုံးချိန်းပေါ်တာက လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့ဖြစ်တယ်။ ရုံးချိန်းပေါ်တဲ့ရက်မှ အာမခံပေးသင့်၊ မပေးသင့်ကို အဲ့ဒီနေ့မှ အမိန့်ချမယ်။ ဒီနေ့က ရဲက ဖမ်းဝရမ်းတင်ပို့တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့် ၁၅ ရက်နေ့မတိုင်ခင်အထိ သူ့ကို ချုပ်မိန့်ပေးလိုက်တယ်”ဟု လှိုင်မြို့နယ်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးအောင်မြင့်သန်းက ပြောသည်။

ထို့ကြောင့် ယောဂီ ဒေါ်နန္ဒမာလာကို အာမခံပေး၊ မပေးကိုမူ ရုံးချိန်းစတင်မည့်ရက်ဖြစ်သည့်လာမည့် ဇန်နဝါရီ လ ၁၅ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်ပြီး ဒေါ်နန္ဒမာလာက ၎င်းအား အာမခံမပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး လှိုင်မြို့နယ်တရားရုံး၏ တရားခွင်အတွင်း တရားသူကြီးအား အော်ဟစ်ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

တရားလိုဖြစ်သူ ဦးနေမျိုးနိုင်က ယောဂီဒေါ်နန္ဒမာလာနှင့် ဦးနေဝင်းနိုင်တို့ နှစ်ဦးကို ကျပ်သိန်း ၂၆ဝဝ လိမ် လည်မှုဖြင့် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ မတ်လ၊ ၁၆ ရက်နေ့၌ ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်တရားစွဲခဲ့ခြင်းဖြစ်ပြီး ၁ဝ လနီးပါးကြာမှ ယင်းအမှုအား ရုံးတင်စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုပြီးနောက်ပိုင်း ဒေါ်နန္ဒမာလာမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံထွက်ပြေးတိမ်းရှောင် နေမှုကို အားပေးကူညီသည်ဟုဆိုကာ တရားလို ဦးနေမျိုးနိုင်က လှိုင်မြို့နယ်တရားရုံးတွင်ပင် ဒေါ်နန္ဒမာ လာဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးစိုးညွှန့်နိုင်၊ ဦးနေဝင်းနိုင်၊ ဦးစွမ်းအောင် တို့ ၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၁၂ ဖြင့် တရားစွဲဆိုထားမှုရှိသည်။

ယောဂီ ဒေါ်နန္ဒမာလာမှာ ၂ဝ၁၃ ခုနှစ်အတွင်း ငွေကြေးလိမ်လည်မှုဖြင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့ နယ်တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး တရားရုံးသို့ လာရောက်ရန်ပျက်ကွက်မှုများကြောင့် ၂ဝ၁၅ ခုနှစ်တွင် ဖမ်းဝရမ်းအထုတ်ခံရကာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ညနေ ၆ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် (၂၈၄)တွင် ဒေါ်နန္ဒမာလာအား ၎င်းစီးနင်း လာသည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမှတ်(၃) မှုခင်း ရဲတပ်ဖွဲ့ခွဲရုံး၌ လူဝတ်လဲကာ ထိန်းသိမ်းထားခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် CID က မဟာအောင်မြေမြို့နယ်တရားရုံးသို့ပို့ဆောင်ခဲ့ကာ ဒေါ်နန္ဒမာလာ၏ အာမခံလျှောက်ထားခဲ့သောကြောင့် မြို့နယ်တရားသူကြီးက အာမခံပေးခဲ့သည်။

ဒေါ်နန္ဒမာလာအား ကျပ်သိန်း ၆ဝဝဝ လိမ်လည်မှုဖြင့် ဒေါ်နေဇင်မြင့်ဆိုသူ အမျိုးသမီးက မဟာအောင်မြေမြို့ နယ်တရားရုံးတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က တရားရုံးဦးတိုက်လျှောက်တရားစွဲထားခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်နန္ဒမာလာမှာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင်လည်း ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲခံ ထားရပြီး ၎င်းအား ထပ်မံတရားစွဲဆိုရန် ငွေကြေးအလိမ်ခံလိုက်ရသည်ဆိုသူ အမျိုးသမီးများက ပြင်ဆင်နေ ကြောင်း မန္တလေးမှ တရားလိုဖြစ်သူ ဒေါ်နေဇင်မြင့်က ပြောသည်။

“ အခုလောလောဆယ် အခုရက်ပိုင်း အလိမ်ခံသူ အယောက် ၂ဝ ကျော်ထွက်လာပြီ။ သူတို့ စတိုင်နေပြီ။ တစ် ယောက်ပြီးတစ်ယောက်တိုင်နေပြီ။ ကျွန်မရဲ့ အမှုမှာ ဖမ်းမိတဲ့အခါကြတော့ ရန်ကုန်မှာရော၊ အခြားနေရာမှာ ရော သူကိုစတိုင်နေကြပြီ။ နောက်ထပ်အမှုတွေလည်း အများကြီးရှိသေးတယ်လို့ ပြောသံကြားတယ်။ သူတို့ လည်းတိုင်မယ်၊ တိုင်မယ်နဲ့ ကျွန်မတို့ကို လှမ်းဖုန်းဆက်တယ်။ အကျိုးအကြောင်းတွေ၊ စာရွက်စာတမ်းတွေ ကူညီပေးပါဆိုပြီး။ ကျွန်မတို့ကတော့ သူတို့ကို အကုန်ကူညီပေးသွားမှာပါ”ဟု ဒေါ်နေဇင်မြင့်က ပြောသည်။

ယောဂီ ဒေါ်နန္ဒမာလာကမူ ဇန်နဝါရီလ ၇ ရက်နေ့၊ လှိုင်မြို့နယ်တရားရုံးမှ အထွက်တွင် ၎င်းအပေါ် ဖိအားများရှိ နေကြောင်း၊ ၎င်းအား မတရားလုပ်နေခြင်းဖြစ်ကြောင်း အော်ဟစ်ပြောဆိုသွားခဲ့သည်။

“မယ်တော်ကြီးကို ဖိအားတွေရှိတယ်။ အကျဉ်းဦးစီး ညွှန်ချုပ်မြင့်စိုးနဲ့ ပတ်သက်ပြီး အပေါင်းအပါတွေ၊ ဝန်ကြီးဌာနတွေ အများကြီး ဖော်ထုတ်စရာတွေရှိတယ်။ သေသောသူရဲ့ ပစ္စည်းတွေကိုရော မတရားလုပ်ထား တဲ့ ကိစ္စတွေအများကြီးရှိတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မယ်တော်ကြီးအမှုက ဗူးသီးနုနု ဓားနဲ့ ထိုးတဲ့အမှုပဲ။ မတရား လှိုင်မြို့နယ်ကနေ ဒီလိုချုပ်တယ်။ မတရား ပရက်ရှာ(ဖိအား)တွေနဲ့ဖမ်းတယ်။ ကျွန်တော်တို့မှာ ဖိအားရှိလို့ပါဗျာတဲ့ အဲ့ဒီလိုပြောတယ်”ဟု ငွေကြေးလိမ်လည်မှုများဖြင့် ဖမ်းဆီးခံထားရသူ ယောဂီ ဒေါ်နန္ဒမာလာက ပြောသည်။

ဒေါ်နန္ဒမာလာအား လက်ရှိ တရားရုံး ၃ ခုတွင် စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၂ဝ မှာ ပစ္စည်းကို ပေးအပ်စေရန် လိမ်လည်၍ မရိုးမဖြောင့်သော သဘောနှင့် သွေးဆောင်ခြင်းအတွက် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှား ပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၇ အထိ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးထဲတွင် ဖော်ပြထားသည်။

Credit :www.mizzimaburmese.com

Loading...

Facebook Comments