မန္တလေးမှာ နိုင်ငံခြားအရက်တုလုပ်တဲ့ ပစ္စည်းတွေ အမြောက်အများဖမ်းမိ

မန္တလေး ဇန်န၀ါရီ ၂

မန္တလေးမြို့မှာ မနေ့ကမွန်းတည့် ၁၂ နာရီအချိန်ခန့်က နေအိမ်တိုက်ခန်းတစ်ခုကို သတင်းအရ၀င်ရောက် စီးနင်းရှာဖွေရာ BLACK LABEL, RED LABEL, GOLD LABEL, HIGH COMMISSIONER, DUNFIFE အစရှိတဲ့ နိုင်ငံခြားအရက်အတုလုပ်တဲ့ပစ္စည်း အမြောက်အများဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက်၊ ၇၇ လမ်း နဲ့ ၇၈ လမ်းကြား၊ ၂၉ လမ်း နဲ့ လမ်း ၃၀ ကြား၊ အကွက်အမှတ် ၆၁၉ က တိုက်ခန်းတစ်ခန်းမှာနေတဲ့ ကိုတူးဆိုသူရဲ့နေအိမ်မှာ မူးယစ်ဆေးဝါးနဲ့နိုင်ငံခြားအရက်တုတွေလုပ် ရောင်းနေတယ်လို့သတင်းရရှိတာကြောင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် ရဲမှူးစိုးအောင်ဦးဆောင်တဲ့အဖွဲ့၊ ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းမှ နယ်ထိန်းအရာရှိရဲအုပ်ထင်လင်းကျော်ဦးဆောာင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ၀င်ရောက်စီးနင်းရှာဖွေခဲ့တာမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့တော့မတွေ့ရဘဲ အရက်အတုလုပ်ရာမှာသုံးတဲ့ပစ္စည်းတွေကိုတော့ အမြောက်အများဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ပစ္စည်းတွေထဲမှာ BLACK LABEL , DOUBEL BLACK LABEL , RED LABEL , GOLD LABEL , HIGH COMMISSIONER , DUNFIFE , KINGDON , GLAN MASTER , JOHNNIE WALKER BLACK LABEL စတဲ့ နိုင်ငံခြားအရက်အမှတ်တံဆိပ်မျိုးစုံဆက်စပ်ပစ္စည်းများ၊ အရက်အတုလို့ယူဆရတဲ့ပုလင်းနဲ့တံဆိပ်မျိုးစုံပါ ၅၇၆၀ ပုလင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ၂၃၅ သိန်းခန့်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိပစ္စည်းတွေကို သက်သေတွေရှေ့ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ကြောင်း၊ ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိတဲ့ ကိုတူး(ခ)ကိုထွန်းဦး(အသက် ၅၀ နှစ်)အား နိုင်ငံခြားအရက်များအဖြစ်ထင်မြင်စေရန်အကြံဖြင့် ပုလင်းများအတွင်းအသုံးပြုသော ကုန်တံဆိပ်လိမ်များနှင့်ပစ္စည်းတံဆိပ်လိမ်များအား ခပ်နှိပ်ထားသော လူသုံးကုန်ပစ္စည်းများကို ကုန်တံဆိပ်လိမ်/ပစ္စည်း တံဆိပ်လိမ်ဖြင့် ရောင်းချရန်စုဆောင်းထုတ်လုပ်မှုနဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းက (ပ)၂/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၈၆ နဲ့ အမှုဖွင့်အရေးထားတယ်လို့ သိရပါတယ်။

စောထွေး
ဓာတ်ပုံ – ရဲတပ်ဖွဲ့

Credit :Popular News Journal

Loading...

Facebook Comments