နှစ်သစ်ကူးညတွင် မော်လမြိုင်ကမ်းနား၌ လူမှုကယ်ဆယ်ရေးယာဉ်နှစ်စီးကို လူငယ်တစ်စုက ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်

နှစ်သစ်ကူးကာလ ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃၁ရက်ညက ရာမညလူမှုကယ်ဆယ်ရေးအသင်း၏ အရေးပေါ်ယာဉ်နှစ်စီးသည် မွန်ပြည်နယ်၊မော်လမြိုင်မြို့ကမ်းနား အရောက်တွင် မူးယစ်သောက်စားနေသည့် လူငယ်တစ်စု၏ ခဲလုံးများဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းခံခဲ့ရကြောင်း အဆိုပါ အသင်းမှ သိရသည်။

မော်လမြိုင်မြို့ သီရိမြိုင် ၃ လမ်းထိပ်တွင် ဆိုင်ကယ်နှစ်စီး တိုက်မှုဖြစ်ပွားပြီး အနီရောင်အဆင့် အရေးပေါ်လူနာလေးဦးရှိနေကြောင်း ဖုန်းဝင်လာသဖြင့် ကူညီရန်” ရာမည ” အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကမ်းနားလမ်းအတိုင်း မောင်းနှင်ခဲ့သည်။

ထိုသို့မောင်းနှင်လာစဉ် မောင်ငံရပ်နှင့် ကွင်းရပ်နယ်စပ် ကမ်းနားလမ်း ဝါးတန်းရပ် မြက်ဆိပ်အရောက်၌ ရိုက်ပွဲဖြစ်ပြီး လူနာဒဏ်ရာရနေ၍ ကူညီပေးရန် အကူအညီ တောင်းခံလာသဖြင့် ရာမည အဖွဲ့ကားများက ရပ်တန့်ကာ လူနာကို ပြုစုပေးပြီး ဆေးရုံကြီးသို့ ပို့ဆောင်ပေးရန် ပြင်ဆင်ခဲ့သည်။

ထိုသို့ပြင်ဆင်နေစဉ် မူးယစ်သောက်စားထားသည့် လူငယ်တစ်စုက လူနာအား မတင်ရန် ၄င်းတို့ဘာသာ ဆေးရုံသို့ပို့ဆောင်မည်ဖြစ်ကြောင်း ပြောဆိုတားဆီးခဲ့သည်။

ထို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့က လူနာအား ပြန်ချပေးပြီး ထွက်ခွာရန်ပြုစဉ် အရေးပေါ် ကားများကို ခဲနှင့်ဝိုင်းဝန်းပစ်ခတ်ခဲ့ကြကာ ကူညီရေးအဖွဲ့မှ အမျိုးသမီးတစ်ဦးကိုင်ဆောင်ထားသည့် လူနာတင်ကတ်အားဝင်လုရာ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ကျူးလွန်တဲ့ကောင်လေးတွေကတော့ ရဲစန်းမှာရောက်နေပြီ။သုံးယောက်တော့မိထားပြီ ။ကောင်လေးတွေကအုပ်စုဖွဲ့ ပြီးရမ်းကားတာ ။ ထပ်ပြီးစုံစမ်းနေတုန်းပါ။ကျွန်တော်တို့ ဘက်ကအမျိုးသမီးတစ်ဦးလက်ထိသွားတယ်။ဆွဲလားရမ်းလားလုပ်တဲ့ပုံစံမျိုးနဲ့ ကားနှစ်စီးဘော်ဒီပိုင်းနဲနဲထိသွားတယ်။ကားမောင်းတဲ့ဒရိုင်ဘာကိုလည်းဆွဲပြီးတော့ပါးရိုက်တယ်။မိတာကမိပြီ။ လက်ရှိဖော်ထုတ်နေတုန်းပေါ့။အက်ဆီးဒန့်တစ်ခုဖြစ်လို့ ကျွန်တော်တို့ ထွက်သွားတာ ။လမ်းမှာဖြစ်တာပါ။” ဟု အဆိုပါလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှလည်း အခင်းဖြစ်ရပ်သို့ ဝန်းရံရောက်ရှိခဲ့ပြီး မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက မောင်ငံရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစီးအဖွဲ့များနှင့် ပူးပေါင်းကာ ပြစ်မှုကျူး လွန်ရာတွင် ပါဝင်သည့် မူးယစ်ရမ်းကားသူများအား စုံစမ်းဖမ်းဆီးခဲ့သည်။

တရားခံသုံးဦးကို ကနဦး ဖမ်းဆီးနိုင်ခဲ့သည်။

ထို့ပြင် မော်လမြိုင်မြို့ပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် အေးမြကြည်လင် အဖွဲ့မှအရေးပေါ်ကားကိုလည်း ၄င်းလူငယ်များက ခဲနှင့်ဝိုင်းထုသဖြင့် အရေးပေါ် ကားများ ထိခိုက်မှုလည်းဖြစ်ပွားခဲ့သည်။

Credit :The Myanmar Times

Loading...

Facebook Comments