ဖခင်ကိုမတွေ့၍ သမီးကိုဖမ်းဆီးခဲ့ခြင်းမျိုးမဟုတ်၊ မူးယစ်ဆေးဝါးရောင်ချမှုတွင် ပါဝင်ပတ်သက်နေ၍ ဖမ်းဆီးခြင်းဖြစ်ဟု သက်ဆိုင်ရာမှ ရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ချောင်းလမုကျေးရွာနေ အောင်မင်းလွင်၏ နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများပြုလုပ်နေကြောင်းသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးက ထုတ်ပေး သည့် ဖမ်းဆီးခွင့်ဝရမ်းဖြင့် နေအိမ်ကိုဝင်ရောက်ရှာဖွေရာတွင် သမီးဖြစ်သူမလှိုင်းဖြူ (၂ဝ နှစ်) ကပါ မူးယစ် ဆေးဝါးရောင်းချမှုများပြုလုပ်နေခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖခင်ဖြစ်သူကိုမတွေ့၍ သမီးဖြစ်သူကို ဖမ်းဆီးခဲ့ခြင်းမျိုးမဟုတ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

ယင်းအမှုဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူကိုမတွေ့၍ သမီးဖြစ်သူကို ဖမ်းဆီးဟူသော ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၅ ရက်တွင် ဖေ့စ်ဘုတ်ပေါ်၌ သတင်းတချို့ပျံ့နှံ့ခဲ့ ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည့်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ယင်းသို့ရှင်းလင်းပြောကြားခဲ့ကြခြင်းဖြစ်သည်။

”သူ(မလှိုင်းဖြူ)ကိုယ်တိုင်လည်း သိတယ်။ ကြံရာပါလိုလည်း သဘောဖြစ်တာပေါ့နော်။ အဲဒါကြောင့်မို့ ရဲက သမီးကိုပါဖမ်းလာတာ။ သတင်းတက်နေသလို အဖေကိုသွားဖမ်းတယ်။ အဖေမရှိလို့ သမီးကို ဖမ်းလာတယ် ဆိုတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ အမှုသွားအမှုလာအရ ရွာကပြောပြချက်အရဆိုရင် ကောင်မလေးကလည်း သူရောင်းနေတယ်။ သူ့အဖေက နာမည်ထွက်တယ်။ သူ့အဖေကိုသွားရှာတဲ့အချိန်မှာ သူ့အဖေမရှိဘူး။ အဲဒီကောင်မလေးရှိတယ်။ အဲဒီကောင်မလေးပဲ အဲဒီပစ္စည်းကိုလိုက်ပြတာ။ အဲဒါကြောင့်မို့လို့ သူလည်း ကြံရာပါ ဖြစ်တယ်ဆိုပြီးတော့ အမှုတွဲမှာပါလို့ ရဲကဖမ်းလာတာပဲ။ အဲဒါ ကျွန်တော်သိသလောက်ပေါ့”ဟု တနင်္သာရီ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ဟိန်းက ဒီဇင်ဘာ ၂၆ ရက်တွင် News Watch သို့ ပြောကြားသည်။

နေအိမ်ကိုဝင်ရောက်ရှာဖွေရာတွင် ICE မူးယစ်ဆေး အလေးချိန် ၁၈ဝ ဂရမ် ခန့်(ကာလတန်ဖိုး ၇၂ သိန်း)အား ရှာဖွေတွေ့ရှိခဲ့ကြောင်း တနင်္သာရီမြို့မရဲစခန်းမှ သိရသည်။

”သူ့အဖေကို ဝရမ်းထုတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကနေအိမ်ကို မူးယစ်ဆေးဝါးဝရမ်းနဲ့ဝင်ရှာတာပေါ့။ ဝင်ရှာတော့ အဖေကိုတော့ မတွေ့ဘူးပေါ့။ သမီးကို တွေ့တယ်။ သမီးတွေ့တော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အကြောင်းအရာကိစ္စကို ကျွန်တော်တို့ရဲကမေးတော့ (ပစ္စည်းဘယ်မှာထားလဲ ဘာညာမေးတော့) သူက ဘယ်မှာထားတယ်ဆိုတဲ့နေရာကို လိုက်ပြတာလေ။ လိုက်ပြတော့ သူ့သမီးကို ဖမ်းတာပေါ့။ သူ့သမီးကို ဖမ်းတယ်ဆိုတာကလည်း သူ့အဖေမရှိခင်မှာ မူးယစ်ဆေးဝါးကို သူပဲရောင်းတာပဲလေ။ အဲဒါကြောင့်မို့ သူ့ကို မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူတာပေါ့”ဟု တနင်္သာရီမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

မလှိုင်းဖြူကို တနင်္သာရီမြို့မရဲစခန်းမှ မယ(ပ)၂၉/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ(မူး/စိတ်)ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မင်းထင်

Credit : http://newswatch-mm.com

Loading...

Facebook Comments