သင်ဇာဝင့်ကျော် ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး ဘာမှမဆုံးဖြတ်ရသေးကြောင်း ရုပ်ရှင်အစည်းအရုံး မှ ဦးအေးကြူလေးပြော

သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ပွဲတက်ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ အစည်းအဝေးဆုံးဖြတ်ချက်နှင့်သာ ပြောနိုင်မည်ဖြစ်သောကြောင့် လက်ရှိတွင် မဆုံးဖြတ်ရသေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ဒီဇင်ဘာလ ၂၆ ရက်တွင် အကုန်သိသတင်းဌာန သို့ ပြောသည်။

ဒီဇင်ဘာလ ၂၅ ရက်က လသာမြို့နယ်တွင်ကျင်းပခဲ့သော အောင်သီရိစိန်တိုက် ၄ နှစ်ပြည့်အခမ်းအနားတွင် သရုပ်ဆောင်သင်ဇာဝင့်ကျော်၏ ပွဲတက်အ၀တ်အစားနှင့်ပတ်သက်ပြီး ဝေဖန်မှုများရှိနေသည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ မနေ့တက်လာတဲ့ပုံတွေ့လိုက်ပါတယ်။ ဒါကတစ်ယောက်တည်းပြောလို့မရပါဘူး။ သူ့ကိုတစ်ခါခေါ်ပြောပြီးပါပြီ။ ဒီကိစ္စပြောဖို့က အစည်းအဝေးဆုံးဖြတ်ချက်နဲ့မှပြောလို့ရတာပါ။ အခုကျွန်တော်တို့ဘာမှ မဆုံးဖြတ်ရသေးပါဘူး” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး က ပြောသည်။

သင့်ဇာဝင်ကျော်၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှလည်း ခေါ်ယူ ပြောဆိုခဲ့ဖူးပြီး “နောက်နောင်လိုက်နာဆင်ခြင်ပါမည်” ဟု သင်ဇာဝင့်ကျော်ကပြောကြားခဲ့ကြောင်း ဦးဇင်ဝိုင်းက သတင်းမီဒီယာများထံ ပြောကြားထားဖူးသည်။

သင်ဇာဝင့်ကျော်ကလည်း ၄င်း၏၀တ်စာဆင်ယင်မှုကိုဝေဖန်နိုင်ပြီး အဖေနှင့်အမေအပေါ် ထိခိုက်ပြောဆိုကြသည်ကို စိတ်မကောင်းကြောင်း၊ ၄င်းအလုပ်မှာ သမာအာဇီဝဖြစ်ပြီး မည်သူကိုမှ မထိခိုက်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်က မီဒီယာများထံပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ်ဝန်းကျင်က ရေကူးဝတ်စုံဝတ်၍ဖော်ပြခဲ့သော သရုပ်ဆောင်ခိုင်ခင်ဦးအား သက်ဆိုင်ရာအစိုးရမှ သရုပ်ဆောင်အဖြစ်ရိုက်ကူးခွင့် ၅ နှစ် ပိတ်ပင်ခဲ့သည်။

Credit-Akonthi

Loading...

Facebook Comments