တက္ကသိုလ်တွေကို မြို့ပြင်ထုတ်၊ ကျောင်းအဆောင်နဲ့ လုံခြုံရေး မပေးနိုင်မှုကြောင့် ကြွေလွင့်ခဲ့တဲ့ ကြယ်တစ်ပွင့်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပုသိမ်မြို့ကနေ ၁၀ မိုင်သာသာဝေးကွာတဲ့ နေရာဒေသလေးတစ်ခုမှာ ကြက်ပေါင်ကျေးရွာဆိုတာ ရှိပါတယ်။ ပုသိမ်ကြိုးတံတားကြီးကနေ ငွေဆောင်ကမ်းခြေဘက် သွားရာလမ်းအတိုင်း တည့်တည့်မောင်းဝင်လာခဲ့မယ်ဆိုရင် ငွေဆောင်လမ်းခွဲမရောက်ခင် ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာလမ်းကလေးအတိုင်း ချိုးဝင်သွားရမှာပါ။ ခရီးမိုင်သာ ၁၀ မိုင်သာသာ ဆိုပေမဲ့ လမ်းတွေကမကောင်း၊ ကားလေးနှစ်စီးတောင် ရှောင်တိမ်းမရတဲ့ လမ်းကျဉ်းကျဉ်းလေးကနေ ကြက်ပေါင်ကျေးရွာအထိ တစ်နာရီနီးပါး သွားရပါတယ်။ အဲဒီကျေးရွာလေးဟာ လယ်ယာအဓိကလုပ်ကိုင်တဲ့ ကျေးရွာလေးဖြစ်ပြီးတော့ ကျေးရွာနေလူထုအများစုဟာ ခေတ်ပညာတတ်များ မဟုတ်ကြပါဘူး။ အဲဒီကျေးရွာကလေးကနေ မောင်ထက်လင်းသန့်ဆိုတဲ့ ကလေးတစ်ယောက်ကို လွန်ခဲ့သော ၁၈ နှစ်ခန့်က မွေးဖွားခဲ့ပါတယ်။

ဒေသခံများနဲ့ ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘုရားရဲ့ မိန့်ကြားမှုအရ မောင်ထက်လင်းသန့်ရဲ့ မိဘများဟာ ပညာတတ်ဘွဲ့ရကြီးများ မဟုတ်ကြပါဘူး။ သူတို့မှာ မောင်ထက်လင်းသန့်နဲ့အတူ ယခုနှစ်တွင်မှ စတုတ္ထတန်းတက်နေတဲ့ သမီးငယ်လေးကို ပိုင်ဆိုင်ထားပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေကြတာပါ။ မြေစိုက်ပျဉ်ခင်း တစ်ထပ်နေအိမ်လေးနဲ့ စပါးကျီတစ်ခု၊ ကျေးလက်ဒေသဓလေ့အတိုင်း ခြံဝင်းကျယ်ကျယ်နဲ့ လယ်ယာအနည်းငယ်၊ လယ်ယာလုပ်ငန်းသုံး ပစ္စည်းတချို့ ပိုင်ဆိုင်ကြပါတယ်။ ကျေးရွာမှာရှိတဲ့ အဲဒီအချိန်က အခြေခံပညာတွဲဖက် အထက်တန်းကျောင်းမှာပဲ မောင်ထက်လင်းသန့်ကို အတန်းစာပေကို သင်ကြားစေခဲ့တာပါ။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာတော့ မောင်ထက်လင်းသန့်ဟာ တက္ကသိုလ်ဝင်တန်းကို သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်သုံးခုကို ဂုဏ်ထူးများနဲ့ အောင်မြင်ခဲ့ပါတယ်။ မိဘများနဲ့ ဆွေမျိုးအသိုင်းအဝန်းဟာ ဂုဏ်ယူမဆုံး ပျော်မဆုံးဖြစ်ခဲ့ပါတယ်။ ဆွေမျိုးအသိုင်းအဝန်း မိဘများသာမက ကျေးရွာဘုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးပါ သူ့တပည့်ဒကာအတွက် ဂုဏ်ယူမဆုံးခဲ့ပါ။ မောင်ထက်လင်းသန့်ဟာ ရတနာသုံးပါးကိုလည်း သိတတ်လိမ္မာသူလို့ ဆရာတော်ကြီး ကိုယ်တိုင်က ထောက်ခံဂုဏ်ယူရသူပါ။ အမှတ်စာရင်းတွေထွက်လာချိန်မှာ ရေကြောင်းသိပ္ပံတက္ကသိုလ်ကို တက်ရောက်နိုင်ပေမဲ့သူ ၀ါသနာပါရာဖြစ်တဲ့ပညာရပ်ကို သင်ကြားဖို့ ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါတယ်။ ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်မှာ သတင်းအချက်အလက် ဆက်သွယ်ရေးဘာသာရပ် (ICT) ကို ပထမနှစ်အောင်မြင်လို့ ဒုတိယနှစ် စတင်တက်ရောက်နေပြီ ဖြစ်ပါတယ်။

မောင်ထက်လင်းသန့်ကို မိသားစုဝင်အားလုံးက အားထားပြီး ၀ိုင်းဝန်းကျောင်းထားပေးခဲ့တာပါ။ ခေတ်ပညာတတ်လူငယ် ရှားပါးလွန်းလှတဲ့ ကျေးရွာအတွက် စံပြခေတ် ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးအဖြစ် ကျေးရွာတစ်ခုလုံးကလည်း အားကျလေးစားကြပါတယ်။ ကျောင်းကို ပြီးဆုံးအောင်မြင်အောင်တက်စေဖို့ မိဘများဟာ နေအိမ်အသစ်ပြန်ဆောက်ဖို့ သစ်များကို စုဆောင်းထားပြီးဖြစ်တာတောင်မှ နေအိမ်အသစ်ဆောက်ရင် ကုန်ကျစရိတ်အထွေထွေကြောင့် ကလေးငယ်ကျောင်းတက်ဖို့ လိုအပ်မှုတွေမဖြစ်အောင် ငါ့သားလေး ကျောင်းပြီးမှ အိမ်အသစ်ဆောက်မယ်လို့ ဆုံးဖြတ်ပြီး မြေစိုက်ပျဉ်ခင်းနေအိမ်လေးနဲ့ပဲ နေ့စဉ်လယ်ယာလုပ်ငန်းခွင်ထဲမှာ ကြိုးစားခဲ့ကြသူတွေ ပဲဖြစ်ပါတယ်။ မောင်ထက်လင်းသန့်ဟာ တက္ကသိုလ်ပထမနှစ်ကို အောင်မြင်ခဲ့ပြီး ဒုတိယနှစ်ကို စတင်တက်ရောက်ချိန်မှာတော့ သူလက်ရှိစီးနင်းနေတဲ့ Honda Wave 100 မော်တော်ဆိုင်ကယ်အစား မိသားစုဝင်တွေ အားလုံးစုလို့ Honda Dream 125 ဆိုင်ကယ်ကို ဝယ်ပေးခဲ့ပေမယ့်လည်း ကျွန်တော့်အခု ဆိုင်ကယ်လေး ကောင်းပါသေးတယ်။ ဒီဆိုင်ကယ်လေးပဲ စီးပါဦးမယ်လို့ ပြောကြားခဲ့ပြီး ကျောင်းပြန်တက်ခဲ့သူပါ။

ကျေးရွာအတွက်ရော မောင်ထက်လင်းသန့်နဲ့ မိဘများအတွက်ရော ကံဆိုးမိုးမှောင်ကျခဲ့တာကတော့ ဒီဇင်ဘာ ၆ ရက်နေ့ပါပဲ။ မွန်းလွဲ ၃ နာရီခန့်မှာ မောင်ထက်လင်းသန့်ဟာ အတူကျောင်းတက်နေတဲ့ သူငယ်ချင်း တစ်ဦးနဲ့အတူ ရတနာပုံမြို့သစ်အိမ်ရာအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုကနေ မုန့်စားပြီးတော့ အပြန်ခရီးမှာ ရတနာပုံ ဆိုက်ဘာစီးတီးမြို့သစ် မီးသတ်စခန်းအနီးမှာ အမျိုးသားသုံးဦးက ဆိုင်ကယ်နဲ့ နောက်ကနေလိုက်လာပြီး မောင်ထက်လင်းသန့်ရဲ့ဆိုင်ကယ်ကို တမင်ချိတ်လှဲခဲ့ပါတယ်။ ဆိုင်ကယ်လဲကျသွားစဉ်မှာ အသင့်ပါလာတဲ့ သစ်သားတုတ်များနဲ့ မောင်ထက်လင်းသန့်နဲ့ သူငယ်ချင်းဖြစ်သူကို ရိုက်နှက်ခဲ့ပြီး မောင်ထက်လင်းသန့် မောင်းနှင်လာတဲ့ Honda Wave 100 ဆိုင်ကယ်ကို လုယူမောင်းနှင်ပြေးသွားခဲ့ပါတယ်။ ရိုက်နှက်ခံ ဒဏ်ရာများကြောင့် မောင်ထက်လင်းသန့်ဟာ အခင်းဖြစ်နေရာမှာတင် အသက်ဆုံးပါးခဲ့ပြီး အတူလိုက်ပါလာတဲ့ သူငယ်ချင်းဟာလည်း ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ မော်တော်ဆိုင်ကယ်ရဲ့တန်ဖိုးဟာ အလွန်ဆုံး အဖိုးအခပေးရမှ ကျပ် ၁၀ သိန်းမပြည့်ပေမဲ့ လူတစ်ဦးရဲ့အသက်ကို ခြွေချခံခဲ့ရပါပြီ။ မြို့ပြလူတွေနဲ့ဝေးရာ လယ်ကွင်းတွေထဲမှာ တက္ကသိုလ်တွေကို တည်ဆောက်ထားပြီး လုံခြုံရေးအပြည့်အဝ မပေးနိုင်၊ ကောင်းမွန်လုံခြုံသော လမ်းပန်းဆက်သွယ်ရေးမလုပ်ပေးနိုင်၊ ကျောင်းတွင်းအဆောင်မပေးနိုင်ဘဲ လုပ်ဆောင်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် ရည်မှန်းချက်ကြီးမားတဲ့ အနာဂတ်ကြယ်တစ်ပွင့် ကြေလွင့်ခဲ့ရပါပြီ။

မောင်ထက်လင်းသန့်ရဲ့ နောက်ဆုံးခရီးကို ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ၊ ဆရာများဟာ သူ့ရဲ့ဇာတိကျေးရွာဖြစ်တဲ့ ပုသိမ်မြို့နယ် ကြက်ပေါင်ကျေးရွာအထိ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ကျေးရွာတစ်ရွာလုံးဟာ ဝမ်းနည်းမျက်ရည်ကျမှုတွေက ခံစားရက်စရာမရှိ။ မြေးဖြစ်သူရဲ့ ရုပ်အလောင်းရှိရာ လာရောက်ခဲ့တဲ့ ဘကြီးဝမ်းကွဲတော်စပ်သူဟာ နေအိမ်ပြန်အရောက်မှာ နှလုံးထိခိုက်ပြီး ထပ်မံအသက်ဆုံးပါးခဲ့ပြန်ပါတယ်။ မိသားစုတစ်ခုလုံးရဲ့ အချစ်တော် လိမ္မာတဲ့ကလေးတစ်ယောက်အတွက် သူတို့ဝမ်းနည်းမဆုံးခဲ့ပါဘူး။ အဘိုးဖြစ်သူကဆို ငါတို့မိသားစုထဲမှာ နောင် ၁၀ တန်းအောင်ရင် ဘယ်ကျောင်းမှ ဆက်မထားတော့ဘူး။ ဒါမှအသက်ရှည်မှာ။ လယ်ပဲလုပ်ခိုင်းမယ်။ ငါ့မြေးကို ပညာတတ်ဖြစ်စေချင်တာ။ အခုမရှိတော့ဘူးလို့ မိသားစုဝင်တွေကို ပြောဆိုမှုဟာ ဖြေဆည်စရာ စကားလုံးရှာမရတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။

“ကျွန်တော်ဖြစ်ချင်တာကတော့ ကျွန်တော့်သား ဒီလိုဖြစ်တဲ့ဟာကိုတော့ တော်တော်မခံစားနိုင်ဘူး။ ကျွန်တော့်သားက အခုလိုသေဆုံးမှုက တိရစ္ဆာန်တစ်ကောင် သေဆုံးမှုလောက်တောင် တန်ကြေးမရှိသလို ဖြစ်နေတယ်။ ကျွန်တော်မျှတတဲ့အမှန်တရားကို ဖြစ်စေချင်တယ်။ ကျွန်တော့်သားကို လုပ်သွားတဲ့သူကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ပြီးတော့ အမှန်တရားကိုဖြစ်စေချင်တယ်။ အခုလိုဖြစ်သွားတော့ နောက်နောင် ကျောင်းသားတွေလည်း လုံခြုံဖြစ်အောင်လို့ နိုင်ငံတော်ကနေပြီး လုံလုံခြုံခြုံ ဖြစ်စေချင်ပါတယ်” လို့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းက သားဖြစ်သူရဲ့ မြေကျမှာ တောင်းဆိုရင်း သတိလစ်မေ့မြောခဲ့ပါတယ်။

ကြက်ပေါင်ကျေးရွာလို ကျေးရွာတစ်ရွာက အခုလို ကလေးငယ်တစ်ဦး ဆုံးရှုံးမှုဟာ ကျေးရွာတစ်ခုလုံးရဲ့ ဆုံးရှုံးမှုလို့ ကျေးရွာဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကြီး ဦးထေရာနန္ဒက မိန့်ပါသေးတယ်။ ရဟန်းသံဃာတော်ဖြစ်လင့်ကစား ကလေးငယ်အတွက် မဖြေဆည်နိုင်တဲ့ ဆရာတော်ကြီးဟာ မောင်ထက်လင်းသန့်ရဲ့ မြေကျတရားကိုတောင် ကိုယ်တော်တိုင် မဟောပြောနိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

“ဒီကလေးက ငယ်ငယ်ကတည်းက ရတနာသုံးပါးနဲ့ အနီးကပ်ဆည်းကပ်ပြီး ကြီးပြင်းလာတဲ့ကလေးပါ။ အလွန်အင်မတန် လိမ္မာယဉ်ကျေးတယ်။ လိမ္မာရေးခြားရှိတယ်။ ရဟန်းသံဃာတွေကိုလည်း ကြည်ညိုပြီးတော့ မိဘဆရာသမားတွေရဲ့ စကားကိုနာခံတဲ့ကလေးပါ။ အဲဒီလိုကလေး အခုလိုဖြစ်သွားတယ်ဆိုတော့ ဦးဇင်းတို့ တောရွာတွေ တောရွာတွေအတွက်ပေါ့နော်။ ဦးဇင်းတို့ ဒီကြက်ပေါင်ရွာက တောရွာကိုး။ ဒီထက်လင်းသန့်ရဲ့ မိဘနှစ်ပါးက လုံးဝပညာတတ်တွေ မဟုတ်ပါဘူး။ ဒီကလေးက ထူးချွန်ပြီးတော့ ပညာတတ်ဖြစ်လာတဲ့အခါကျတော့ မိဘတွေရဲ့ မျှော်လင့်ချက်၊ ရပ်ရွာရဲ့ မျှော်လင့်ချက်ပါ။ အခုဒီကလေး အဲဒီလိုဖြစ်သွားတော့ မိဘတွေရဲ့ မျှော်လင့်ချက်ဆုံးရှုံးသွားသလို ဦးဇင်းတို့ရဲ့ ရပ်ရွာရဲ့ မျှော်လင့်ချက်လည်း ဆုံးရှုံးသွားတယ်။ ရတနာသုံးပါးကိုင်းရှိုင်းတဲ့ ကလေးဆုံးရှုံးသွားတဲ့အတွက် သာသနာတော်အတွက်လည်း ဆုံးရှုံးသွားတယ်။ နောင်နောက်ဒီလိုမျိုးတွေဖြစ်ပြီးတော့ ကြုံလာတဲ့ အခါကျတော့ ဦးဇင်းတို့တောရွာတွေက ဘာဖြစ်သလဲဆိုလို့ရှိရင် တောရွာတွေက ပညာတတ်တစ်ယောက်ရဖို့ဆိုလို့ရှိရင် အင်မတန်မှ ခဲယဉ်းပါတယ်။ မြို့နဲ့မတူပါဘူး။ အခုလိုဆုံးရှုံးသွားတော့ သားသမီးတွေ ပညာမတတ်ရင်နေပါစေ အန္တရာယ်ကင်းဖို့ပဲ လိုတယ်ဆိုတဲ့ အတွေးမျိုး မိဘတွေရဲ့ ခေါင်းထဲကို ရောက်သွားရင် ဦးဇင်းတို့တောရွာတွေရဲ့ ဖွံ့ဖြိုးမှု၊ ပညာတတ်မှုဟာ အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် ဒါမျိုးတွေမဖြစ်ရအောင် သက်ဆိုင်ရာ အာဏာပိုင်တွေက စောင့်ရှောက်ပေးဖို့ ကာကွယ်ပေးဖို့ အထူးလို အပ်ပါတယ်လို့ ဦးဇင်းပြောလိုပါတယ်” ဟု ဆရာတော် ထေရာနန္ဒက မိန့်ကြားပါတယ်။

ယခုကဲ့သို့ အခြေတစ်ခုအထိ ရောက်ရှိခဲ့တာဟာ တရားဥပေဒစိုးမိုးမှုအားနည်းပြီးတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူများရဲ့ လုံခြုံရေးကို အကြိမ်ကြိမ်ပြောဆို တောင်းဆိုမှုအပေါ် အလေးအနက် မထားမှုတွေကြောင့်လဲ ပါပါတယ်လို့ ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်မှ မော်ကွန်းထိန်း ဖြစ်သူကလည်း ပြောဆိုပါတယ်။

“နောင်အနာဂတ်မှာပေါ့။ သူ့ရဲ့ အနာဂတ်ရှေ့ရေးက ဘယ်လောက်အထိတောင် မြင့်မားသွားမယ်ဆိုတာ မသိဘူး။ အဲဒီလိုမျိုးမှာ ဒီလိုမျိုး ခြေတစ်လှမ်း မစရသေးတဲ့ အချိန်မှာ ဒီလောက်အထိ ဖြစ်သွားရတာပေါ့။ ကျွန်တော်တို့မှာ ကျွန်တော်တို့ရော၊ တက္ကသိုလ်အားလုံးရော၊ ကျောင်းသူကျောင်းသားရော၊ အားလုံးက ဖြေမဆည်နိုင် ဖြစ်နေရပါတယ်။ အခုလိုဖြစ်စဉ်က အခုမှကျွန်တော်တို့ ကျောင်းမှာဖြစ်တာပေါ့လေ။ ကျွန်တော့်တို့ ကျောင်းမှာက အတွင်းဆောင်မရှိဘူး။ အပြင်ဆောင်မှာ နေရတယ်။ အပြင်ဆောင်ဆိုတာ ရွာတွေမှာနေရတယ်။ မကြာခဏ ဆိုင်ကယ်လေးတွေ ပျောက်တာရှတာ နောက်တစ်ခုက နည်းနည်းသောင်းကျန်းတာတွေဘာတွေ ရှိခဲ့တယ်ပေါ့နော်။ အဲဒါတွေက အရင်ကဖြစ်ခဲ့တဲ့ အသေးအဖွဲလေးတွေပေါ့။ အဲဒါတွေကို ဒေသအာဏာပိုင်တွေက ကြိုတင်ပြီးတော့ ကျွန်တော်တို့လည်း တိုင်တန်းပါသေးတယ်။ အဲဒီတုန်းက တိုင်တန်းတယ်။ ဒါပေမဲ့ အခုလို တွေအထိဖြစ်ခဲ့ကြတာပေါ့နော်။ အခုကတော့ အဆိုးဆုံးအခြေအနေ ဖြစ်ရတာပေါ့။ တရားဥပဒေစိုးမိုးမှုလျော့နည်းတယ်။ အခုလို အခြေအနေဖြစ်သွားတာကို သုံးသပ်ရတာပေါ့” ဟု ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်မှ မော်ကွန်းထိန်း ဆရာဦးစိုးလင်းထိုက်က ပြောပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ မြို့တွင်းမှာရှိတဲ့ တက္ကသိုလ်တွေကို ပိတ်ပစ်ပြီး မြို့ပြင်လယ်ကွင်းတွေမှာ ပြန်လည်တည်ဆောက်၊ ကျောင်းသားများစုစည်းမှုမဖြစ်စေရန် ကျောင်းတွင်းအဆောင်တွေ ဖွင့်မပေးဘဲ အပြင်ဆောင်တွေမှာပဲ ကျောင်းသားတွေကို နေစေခြင်းရဲ့ ရလဒ်တွေဟာ လက်ရှိအချိန်အထိကို ခံစားကြုံတွေ့နေရတာပါပဲ။ အစိုးရ အဆက်ဆက် ပြောင်းလဲပြီးနောက်ပိုင်းမှာလည်း တက္ကသိုလ်ကျောင်းများဟာ မြို့ပြင်လယ်ကွင်းထီးထီးများထဲမှာပဲ ဆက်ရှိနေခဲ့တာပါ။ လက်ရှိအချိန်အထိကို ကျောင်းတွင်းအဆောင်တွေကို ပြည့်ပြည့်စုံစုံ ဖွင့်လှစ်မပေးသေးတဲ့အပြင် ကျောင်းသားကျောင်းသူများရဲ့ လုံခြုံရေး၊ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စောင့်ရှောက်မှုဟာ လက်ရှိချိန်အထိကို လိုအပ်နေသေးတာကို ယခုဖြစ်စဉ်က သက်သေပြနေပါတယ်။ မကြာခဏ ကျောင်းသားကျောင်းသူများ ဆိုင်ကယ်အလုခံရ၊ ပျောက်ဆုံးရ၊ အနှောင့်အယှက်အထိပါးခံရ၊ ထိခိုက်အနာတရတွေဖြစ်ပေမဲ့ ကျီးလန့်စာစား ပညာသင်ကြားနေရမှုကို ပျောက်ပျက်အောင် မလုပ်ပေးသေးတာဟာ ဘယ်သူတွေရဲ့ တာဝန်လဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။

ကျောင်းသားကျောင်းသူများရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ဖို့အတွက်လည်း ရတနာပုံ Cyber City နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကလည်း အခုလိုပြောပါသေးတယ်။

“ကျွန်တော်တို့ကျောင်းအနေနဲ့ ပြောမယ်ဆိုရင် ဒီဖြစ်စဉ်မဖြစ်ခင်တုန်းကလည်း လုယက်မှုပုံစံမျိုးတွေ၊ ဆိုင်ကယ်ပျောက်တာတွေ၊ မိန်းကလေးတွေကို စနောက်ခံရတာတွေ၊ ပြီးတော့ လုယက်မယ့်ပုံစံမျိုးပေါ့။ ဆိုင်ကယ်နဲ့စောင့်နေတာမျိုး။ လူပြတ်တဲ့နေရာမှာ ဆိုင်ကယ်နဲ့စောင့်နေတာမျိုးတွေ။ ဒါပေမဲ့ သတိထားမိလို့ အမြန်မောင်းသွားတာမျိုး ဒါမျိုးတွေရှိခဲ့တယ်။ အဲဒါမျိုးတွေရှိလို့ ကျွန်တော်တို့ ရဲစခန်းတွေကို တိုင်ကြားတဲ့အချိန်မှာ ထိထိရောက်ရောက် အရေးတယူဆောင်ရွက်တာမျိုး ကျွန်တော်တို့ မတွေ့ခဲ့ရဘူးပေါ့။ အဲဒီနောက်ဆက်တွဲက ဒီမျိုးဖြစ်ရပ်ဖြစ်လာတယ်။ အခုကျွန်တော်တို့ကျောင်းမှာ အခုလိုဖြစ်သွားတဲ့အတွက် အားလုံးက အာရုံစိုက်မိသွားတယ်။ ကျန်တဲ့ကျောင်းတွေမှာရော မရှိဘူးလားဆိုတော့ သို့လောသို့လော ကျွန်တော်တို့ ကြားနေရတာတွေရှိတယ်။ အဲဒါတွေအတွက် အရေးတယူလုပ်တာမျိုးတွေက မတွေ့ရသေးဘူး။ အခုလိုဖြစ်လာမှ အရေးယူပေးမှာလား။ အဲဒီတော့ တစ်နိုင်ငံလုံး လိုက်ဖြစ်ပေးရမှာလားပေါ့။ တစ်ကျောင်းတစ်ယောက်နှုန်း လိုက်စတေးပေးရမလားဆိုတာမျိုး ဖြစ်လာတယ်။ အဓိကတော့ ကျွန်တော်တို့ ဒီတက္ကသိုလ်ကျောင်းတက်တဲ့ အချိန်မှာပေါ့နော်။ ကျွန်တော်တို့ ဟိုလမ်းက မသွားရဘူး။ ဒီလမ်းကမသွားရဘူး။ တက္ကသိုလ်ကျောင်းသွားဖို့အတွက်ပဲ ကျွန်တော်တို့က လမ်းရွေးချယ်ပေးနေရတယ်။ ဒီလမ်းကတော့ လူသတ်သမားရှိတယ်။ မသွားရဘူး ဆိုတာမျိုး။ ဒီလမ်းကမသွားရလို့ ဘယ်လမ်းကသွားရမှာလဲ။ အခုတော့ ကျွန်တော်တို့ သမဂ္ဂတွေအကုန်လုံး ချိတ်ဆက်နေပါတယ်။ သမဂ္ဂတွေအကုန်ချိတ်ဆက်ပြီး တက္ကသိုလ်ကျောင်းတွေမှာ လုံခြုံရေးရဖို့အတွက် ဘယ်လိုမျိုးကြိုးစားမလဲဆိုတာမျိုးပေါ့။ ဆွေးနွေးတိုင်ပင်နေတယ်။ ထိထိရောက်ရောက် လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်ပေါ်လာမှာပါ” ဟု ရတနာပုံ Cyber City နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ခွန်နိုင်ပြည့်ထွန်းက ပြောပါတယ်။

မောင်ထက်လင်းသန့် အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းများအတွက် အန္တရာယ်အချက်ပေးခေါင်းလောင်းသံပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေက လုံခြုံရေး၊ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တောင်းဆိုမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ မျက်နှာလွှဲခဲပစ် လုပ်ခံထားမှုတွေရဲ့ အကျိုးဆက်ကို တစ်နိုင်ငံလုံးက သိရှိခဲ့ရတဲ့ဖြစ်စဉ်ပါ။ မောင်ထက်လင်းသန့် အသက်ဆုံးရှုံးခဲ့မှုဟာ မိသားစု၊ ကျေးရွာအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်သလို နိုင်ငံအတွက်လည်း တစ်ချိန်မှာ ပညာရှင်တစ်ဦးဖြစ်လာနိုင်တဲ့ လူငယ်တစ်ဦးကို ဆုံးရှုံးရခြင်းပါပဲ။ ကျေးလက်ဒေသက ပြည်သူများရဲ့ ပညာသင်ကြားလိုစိတ်၊ မိဘများက သားသမီးများကို အဝေးတစ်နေရာကို ပို့ဆောင်ပြီးတော့ မိမိကလေးပညာတတ်တစ်ယောက်ဖြစ်အောင် ကြိုးစားလိုစိတ်တွေကိုလည်း ဆုံးရှုံးစေပါတယ်။ လူ့အသက်တစ်ခုရင်းပြီး ရခဲ့တဲ့သင်ခန်းစာကို လွယ်လွယ်နဲ့တော့ မမေ့ပစ်ကြဘဲ နောက်နောင် ဒီလိုအဖြစ်မျိုးတွေမကြုံရဖို့ အမြန်ဆုံးဖြေရှင်းဆောင်ရွက်သင့်နေပါပြီ။

Credit :Eleven Media Group

Loading...

Facebook Comments