သံတွဲမြို့နယ် ငပလီမြို့တွင် ဆိုင်ကယ်ဖိုးငွေလာပေးရန် ဖုန်းဆက်ခေါ်ရာမှ ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့တွင် ဆိုင်ကယ်ဖိုးငွေလာပေးရန် ဖုန်းဆက်ခေါ်ရာမှ ဓားထိုးမှုဖြစ်ပွားကာ တစ်ဦးသေဆုံးမှုတစ်ရပ် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် နံနက် ည ၁၁ နာရီ ၃၀ ခန့်တွင် ဂျိတ်တောနယ်မြေ ရဲစခန်းနှင့် ၂ မိုင်ခန့်အကွာ၊ ဂျိတ်တောရပ်ကွက် ၉၊ တောင်ခြေရင်း၌ လူတစ်ဦးလဲကျသေဆုံးနေကြောင်းသတင်းအရ စခန်းမှူး ရဲအုပ်လွန်းအောင်ဆန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဂျိတ္တောအကွက် ၈ တွင်နေထိုင်သူ ရေလုပ်သား၊ မျိုးမြင့်(ခ)မိုးကုလား(ဘ)ဦးထွန်းဇော်၊ (၁၉ နှစ်) ဖြစ်ကြောင်းနှင့် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် အူထွက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းခဲ့ရာ ဓားဖြင့်ထိုးသူအား အဆိုပါည ၁ နာရီကျော်အချိန်၊ (ဒီဇင်ဘာ ၂၃ ရက်နေ့) တွင် ဓားဖြင့်ထိုးသူအား ဖမ်းဆီးမိခဲ့ကြောင်း၊ စိစစ်ထွက်ဆိုချက်များအရ ဂျိတ္တောအကွက် ၉ မှ ကိုကိုမောင်(ဘ)ဦးဝင်ဇော်၊ အသက် ၂၂ နှစ်မှ ဆိုင်ကယ်ဖိုးငွေ ကျပ် ၁၃၀၀၀၀ ကိုလာပေးရန် အောင်နိုင်ဝင်းဆိုသူအား ဖုန်းဖြင့်ခေါ်သဖြင့် သေဆုံးသူနှင့်အတူ ရဲနိုင်လင်း၊ အသက် ၂၂ နှင့် အောင်နိုင်ဝင်း (၁၉ နှစ်)တို့သုံးဦးမှ ဆိုင်ကယ်တစ်စီးနှင့်အတူ ကိုကိုမောင်နေအိမ်သို့ ရောက်ရှိသွားခဲ့ကြောင်း၊ ယင်းအချိန်အိမ်ရှေ့တွင် ရပ်နေသော ကိုကိုမောင်အား အောင်နိုင်ဝင်းက လက်သီးဖြင့် ပြေးထိုးခဲ့ကြောင်း၊ ကိုကိုမောင်မှာ အိမ်ထဲသို့ ဝင်သွားပြီး ဓားမြှောင်အားဆွဲယူ၍ ထွက်လာပြီး အောင်နိုင်ဝင်းအား လိုက်ထိုးစဉ် အောင်နိုင်ဝင်းထွက်ပြေးသွားခဲ့စဉ် ဖိုးကုလားက နောက်မှနေ၍ ကိုကိုမောင်၏ ဦးခေါင်းအား အုတ်ခဲဖြင့် ထုသဖြင့် ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း၊ ကိုကိုမောင်က ဖိုးကုလားအား လုံးထွေးသတ်ပုတ်ပြီး ဓားမြှောင်ဖြင့် ထိုးလိုက်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဓားနဲ့ထိုးလိုက်တဲ့သူကို ညတွင်းချင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အလောင်းကိုတော့ ဆေးရုံကို ပို့ဆောင်ထားပါတယ်။ သေဆုံးသူတို့ အုပ်စုဟာ ဓားနဲ့ ထိုးသူရဲ့နေအိမ်ရှေ့ကို ရောက်လာပြီး လက်သီးနဲ့ ထိုးရာကနေ ဓားထိုးမှုဖြစ်သွားတာ ဖြစ်ပါတယ်၊ ဂျိတ္တောရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်” ဟုလည်း စခန်းမှူး လွန်းအောင်ဆန်းက ပြောကြားခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဒုရဲအုပ်အောင်နိုင်စိုးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကိုကိုမောင်အား ဂျိတ္တောနယ်မြေစခန်း မှ (ပ)၁၈၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ စခန်းမှူးရဲအုပ် လွန်းအောင်ဆန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။

Credit :Eleven Media Group

Loading...

Facebook Comments