၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး ကိုင်ဆောင်သုံးစွဲသူတစ်ဦးအား အတု ၁၀ရွက်နှင့်အတူ ပုသိမ်မြို့နယ်တွင်ဖမ်းမိ

ပုသိမ်၊ ဒီဇင်ဘာ ၂၃

တစ်သောင်းတန် ငွေစက္ကူအတုကိုယ်တိုင်ပြုလုပ်ပြီး ကိုင်ဆောင်သုံးစွဲသူတစ်ဦးကို အခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီးမှာ ဖမ်းဆီးရမိလိုက်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံကနေသိရပါတယ်။

မင်းမင်းထွန်း ဆိုသူဖြစ်ပြီး သူဟာ ပုသိမ်မြို့နယ်၊ “ဆေးလ်ဗား” ကာရာအိုကေဆိုင်မှာ ငွေရှင်းစဉ် ၁၀၀၀၀ တန်အစစ်နဲ့ အတု ကိုရောနှောအသုံးပြုခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ G-1 ဖြစ်သူ ဒုရဲမှူးကြီးထွန်းရွှေ ကပြောပါတယ်။

သူဟာအဆိုပါ ကာရာအိုကေမှာ ငွေရှင်းစဉ် ၁၀၀၀၀ တန်အတု ၂ ရွက်ကိုအသုံးပြုခဲ့ကြောင်းသိရပါတယ်။

သူ့ကိုရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာကတော့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၁ နာရီ ခွဲလောက်မှာ ချောင်းသာနယ်မြေရဲစခန်းအပိုင်ဧရိယာထဲမှာဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဒုရဲမှုးကြီးက “သူကချောင်းသာ သားလေ။ ကျိုင်းတုံကို ပြောင်းသွားတာ။ လျှပ်စစ်ပစ္စည်းပြုပြင်တဲ့အလုပ်လုပ်တယ်။ နည်းပညာပိုင်း ဆိုင်ရာစာအုပ် လည်းရေးဖူး၊ထုတ်ဖူးတယ်လို့ ဆိုထားတယ်။ခု ကျိုင်းတုံဘက်ကိုချိတ်ဆက်ပြီး ဆောင်ရွက်စရာ ရှိတာတွေဆောင်ရွက်နေပါတယ်။ သူက အတုထုတ်ပြီး အစစ်ကြားထဲထည့် သုံးခဲ့တာ “လို့ ဆိုပါတယ်။

ရဲက စစ်မေးရာ သူဟာ ကျိုင်းတုံမြို့ရှိနေအိမ်မှာ (၁၀,၀၀၀)ကျပ် တန်အစစ်ကို Scan ဖတ်ပြီး Colour Printer နဲ့ (၁၀,၀၀၀) ကျပ်တန် ငွေစက္ကူအတု(၁၀)ရွက် ထုတ်ခဲ့ကာ မိဘများနေအိမ်သို့ အလည်လာခြင်းဖြစ်ကြောင်း၊ ကာရာအိုကေဆိုင်မှာ ကျသင့်ငွေ(၇၀,၀၀၀)ကျပ်ရှင်းစဉ် (၁၀,၀၀၀)ကျပ်တန် ငွေစက္ကူအတု(၂)ရွက် ကြားညှပ် ပေးခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

သူ့ထံကနေ အဆိုပါ(၁၀,၀၀၀)ကျပ်တန်(၂)ရွက်အပါအဝင် ငွေစက္ကူ အတု(၁၀)ရွက်၊ ငွေကျပ်(၃၀,၀၀၀)နဲ့ ၎င်းတည်းခို/အပ်နှံထားတဲ့ သူငယ်ချင်း ကိုထက်ထက် (စိစစ်ဆဲ)ရဲ့နေအိမ်ကနေ လက်တော့(၁)လုံး၊ ပရင်တာ(၁)လုံးနဲ့ဆက်စပ်ပစ္စည်းတွေ တက်ဘလက်(၁) လုံး၊ လက်ကိုင်ဖုန်း(၂)လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁,၂၄၇,၅၀၀)တို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်သူ့ကို ချောင်းသာနယ်မြေရဲစခန်းမှာ (ပ)၃၁၇/၂၀၁၈၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲကပြောပါတယ်။

PN
ဓာတ်ပုံ – ရဲဇာနည်

 

Loading...

Facebook Comments