ရန်ကုန်အပါအဝင် မြို့ကြီးငါးမြို့ ရေအောက်နစ်မြုပ်သွားမည်ဟု အင်္ဂလန်မိုးလေ၀သအဖွဲ့ အစည်းကို ကိုးကား၍ ဒေါက်တာထွန်းလွင် သတိပေး

ကမ္ဘာပေါ်တွင် ရာသီဥတုဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များ ပိုမိုမြန်ဆန်လာခြင်းကြောင့် နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ ရန်ကုန်မြို့အပါအဝင် မြို့ကြီးငါးမြို့မှာ ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက်မိုးလေ၀သခန့်မှန်းသည့်အဖွဲ့ အစည်းကြီးက ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားလိုက်သည်။

ကမ္ဘာပေါ်တွင် ရာသီဥတု ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များ ပိုမိုမြန်ဆန်လာရခြင်းမှာ သဘာဝကြောင့်မဟုတ်ဘဲ လူသားတို့ ဖန်တီးလိုက်သည့် အရာများကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် အားနည်းသည့်အတွက် အခြားနိုင်ငံများထက် သဘာဝဘေးအန္တရာယ်ကို ပိုမိုခံစားရနိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က ပြောသည်။ “ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီးရော ဖွံ့ဖြိုးဆဲ နိုင်ငံတော်တော်များများက ကြိုတင်ပြီးကာကွယ်နေကြပြီ။ ကျွန်တော်တို့ နိုင်ငံမှာက ဒါကိုကာကွယ်ဖို့လိုတယ်ဆိုတာ သိပ်မသိဘူး ဖြစ်နေတယ်။ စင်္ကာပူကို ကျွန်တော်ရောက်သွားတော့ သူတို့နိုင်ငံသေးသေးလေးကို သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ အချက်အလက်တွေ ထုတ်ထားတဲ့ စာအုပ်က လက်ငါးလုံးလောက်ထူတဲ့စာအုပ် နှစ်အုပ်တောင်ရှိတယ်။ ကျွန်တော်တို့ နိုင်ငံက ထုတ်ထားတဲ့ စာအုပ်က လက်တစ်လုံးစာတစ်အုပ်ပဲ ရှိတယ်။ အင်္ဂလန်မှာရှိတဲ့ မိုးလေဝသနဲ့ သဘာဝဘေးအန္တရာယ်ကို ခန့်မှန်းတဲ့ အဖွဲ့ကြီးက တော်တော်မှန်တယ်။ သူတို့ခန့်မှန်းထားတဲ့ သမုဒ္ဒရာထဲက ရေခဲတွေ အရည်ပျော်တဲ့နှုန်းက တစ်နှစ်ထက်တစ်နှစ် ပိုပြီး မြန်လာတဲ့အတွက် နောင်လာမယ့် နှစ်တွေမှာ ရေအောက်ကို ရောက်သွားမယ့် မြို့တွေကို သူတို့ ခန့်မှန်းထားတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက ရန်ကုန်မြို့ အပါအဝင် မြို့ကြီးငါးမြို့ရေမြုပ်မယ်ဆိုပြီး ခန့်မှန်းထားတယ်။ အခုကတည်းက ပြင်ဆင်ထားမှ ဖြစ်မယ် ” ဟု ဦးထွန်းလွင်က ပြောသည်။ အထူးသဖြင့် ၂၀၅၀ တွင် ဖြစ်လာနိုင်ခြေရှိသည်ဟုလည်း တွက်ဆထားကြသည်။ ဒေသတွင်း အာဆီယံနိုင်ငံများသည် မဲခေါင်မြစ်ဝှမ်းအနီးတွင်ရှိသည့် နိုင်ငံအသီးသီးက ၄င်းတို့နိုင်ငံရှိ ရေမြုပ်နိုင်သည့် မြို့များအတွက် ယခုမှစ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရေနစ်မြုပ်သွားပါက ၄င်းတို့နိုင်ငံအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်ခြင်းကို တဖြည်းဖြည်း လျှော့ချနေကြပြီး ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်တွင် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်ခြင်းကို လုံးဝ ရပ်ဆိုင်းတော့မည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်ခြင်းကို အသက်သွင်းနေပြီး လမ်းဟောင်းများအတိုင်း ပြန်သွားနေကြောင်း သိရသည်။

အလားတူပင် မြစ်ဆုံ၌ ကြီးမားသည့် စီမံကိန်းကြီးကို စတင်လိုက်ပါက စီမံကိန်းအကောင်အထည်ဖော်မည့်နေရာသည် ကချင်ပြည်နယ်၏ ငလျင်ကြောပေါ်တွင် တည်ရှိနေသဖြင့် ဆည်၏အမြင့်မှာ မီတာ ၅၀၀ တည်ဆောက်မည်ဆိုသောကြောင့် ဆည်အတွင်း ရေလှောင်နိုင်သည့် ပမာဏမှာ စင်္ကာပူ တစ်နိုင်ငံစာ ရှိသောကြောင့် ငလျင်လှုပ်၍ ဆည်နံရံ ကျိုးပေါက်ခဲ့ပါက ဧရာဝတီမြစ်ကြီး နှစ်ပိုင်းဖြစ်ပြီး မြန်မာပြည် အလယ်ပိုင်းတစ်ခုလုံး ရေလွှမ်းသွားနိုင်သည့် အခြေအနေတွင်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

Credit:Burmese Asia

Loading...

Facebook Comments