မြောက်ဥက္ကလာပမြို့နယ်တွင် လူတဦးကို လူသုံးဦးမှ နေအိမ်ထဲဝင်ရောက်ကာ လည်လှီးသတ်မှုဖြစ်ပွား၊ ကျူးလွန်သူများကို ညတွင်းချင်း ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ ဦးတေလမ်းရှိ နေအိမ်တအိမ်တွင် လူတဦးကို လူသုံးဦးမှ နေအိမ်တံခါးကိုဖျက်ဆီး၍ နေအိမ်ထဲသို့ဝင်ရောက်ကာ လည်လှီးသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက်နေ့၊ ည ၈ နာရီ ၄၀ မိနစ်ခန့်အချိန်တွင် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ဦးကံထွန်းဆိုသည့် အမျိုးသားတဦး လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် ရောက်ရှိလာကြောင်း ရဲမှုခင်းဆေးစာဌာနမှ သတင်းပို့လာသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းခိုင်နှင့် တာဝန်ရှိသူများ၊ ပုရွက်ဆိတ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကြည့်ရှုစစ်ဆေးရန်သွားရောက်စဉ် ဦးကံထွန်းမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာ သေဆုံးသူ ဦးကံထွန်း နေအိမ်တွင်ရှိနေစဉ် ထွန်းထွန်းဝင်း(ခ)အောင်ပု၊ ၎င်း၏ ညီအရင်း ပိုင်အုပ်စိုး၊ ညီဝမ်းကွဲ သက်ပြင်းတို့နှင့် အတူ ရောက်ရှိလာကြောင်း၊ ၎င်းတို့မိသားစုနှင့် ဦးကံထွန်းတို့မိသားစု စကားများခဲ့သည်ကို မကျေမနပ်ဖြစ်ပြီး နေအိမ်တံခါးအားဖျက်ဆီး၍ နေအိမ်ထဲသို့ဝင်ရောက်ခဲ့ကြောင်း၊ ထွန်းထွန်းဝင်း(ခ)အောင်ပုမှ အသင့်ပါလာသော အရိုးအသွား ၅ လက်မခန့် ကော်ရိုးတပ်မရမ်းရောင် ခဲတံချွန်ခေါက်ဓားဖြင့် ဦးကံထွန်း၏လည်ပင်းအား လှီးသဖြင့် လည်ပင်းပြတ်ရှဒဏ်ရာရရှိကာ ဆေးရုံသို့ပို့ဆောင်ရောက်ရှိ၍ ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျူးလွန်သူများကို ညတွင်းချင်းဖမ်းဆီးရမိခဲ့ကြောင်း ဒုရဲမှူး ဇော်မင်းခိုင်က မြောက်ဥက္ကလာပမြို့မရဲစခန်းသို့ News Watch မှ သွားရောက်မေးမြန်းစဉ် ပြောကြားခဲ့သည်။

“ဟိုမှာလည်း မငြိမ်မသက်တွေ ဖြစ်တော့ ရဲတွေသွားထိန်းတယ်။ တရားလိုလာလုပ်ဖို့ တယောက်မှ မစဉ်းစားဘူး။ အဲဒီတော့ တာဝန်မှူးကိုယ်တိုင် တရားလိုလုပ်၊ အမှုစစ်က စခန်းမှူးကိုယ်တိုင် အမှုစစ်တယ်။ ဒုရဲအုပ် အောင်မျိုးလွင်ကို တရားလိုလုပ်ခိုင်းပြီးတော့ စခန်းမှူးကိုယ်တိုင် အမှုစစ်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းကျူးလွန်သူများကို မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၄၅၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဝင်းဇော်နိုင်၊ မင်းထင်
Credit : http://newswatch-mm.com

Loading...

Facebook Comments