မြန်မာကျပ်ငွေအတုများနှင့်ပတ်သက်၍ သံသယရှိသည့် ငွေလဲလှယ်ဌာန ၁၈ ခုကို စင်ကာပူရဲ ၀င်ရောက်ရှာဖွေစစ်ဆေး

စင်ကာပူ၊ ဒီဇင်ဘာ ၆

မြန်မာကျပ်ငွေအတုများနှင့်ပတ်သက်၍ သံသယရှိသည့် စင်ကာပူမှ ငွေလဲလှယ်ဌာန ၁၈ ခုကို ၀င်ရောက်ရှာဖွေ၍ စုံစမ်းစစ်ဆေးခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာကျပ်ငွေအတုများကိုင်ဆောင်သုံးစွဲမှုဖြင့် စင်ကာပူနိုင်ငံသားနှစ်ဦး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရန်ကုန်တွင် စစ်ဆေးအရေးယူခြင်းခံခဲ့ရသည်တွင် စင်ကာပူရှိ ငွေလဲလှယ်ဌာနများဆီမှ ယင်းကျပ်ငွေစက္ကူအတုများကို ရရှိကြောင်း ယင်းတို့၏ ထွက်ဆိုချက်အရ ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရခြင်းဖြစ်သည်။

“မြန်မာငွေစက္ကူ တစ်သောင်းတန်အတုတွေ လက်ဝယ်ရှိနေတယ်လို့ သံသယရှိတဲ့ ငွေလဲလှယ်ဌာနတွေကို ၀င်ရောက်စုံစမ်းစစ်ဆေးတာပါ”ဟု စင်ကာပူရဲတပ်ဖွဲ့ကပြောသည်။

မြန်မာကျပ်ငွေကို လဲလှယ်ပေးသော ငွေလဲလှယ်ဌာနဟူ၍ စင်ကာပူတွင် များများစားစားမရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

စင်ကာပူနိုင်ငံသား စုံတွဲတစ်တွဲ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ရွှေတိဂုံစေတီတော် တောင်ဖက်မုခ်တွင် ၀င်ခွင့်ငွေပေးသည်မှ အစပြု၍ ကျပ်တစ်သောင်းတန် အတု ၄၅ရွက်ကို ယင်းတို့ထံမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စင်ကာပူနိုင်ငံသားနှစ်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူကောင်စစ်ဝန်၏ အကူအညီကို ရယူလျှက်ရှိကြောင်းသိရသည်။

Loading...

Facebook Comments