ပုသိမ်မြို့ KTV ရှေ့တွင် ဓားထိုးလူသတ်မှုကျူးလွန်ခဲ့မှုဖြစ်စဉ်မှ တရားခံ ခြောက်ဦးအားဖမ်းမိ၊ သုံးဦးလွတ်မြောက်နေ

ပုသိမ်၊ ဒီဇင်ဘာ ၄ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်ရှိ KTV ရှေ့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက KTV ၀န်ထမ်းအား လူငယ်ကိုးဦးမှ ဓားဖြင့်ထိုးပြီးထွက်ပြေးမှု ဖြစ်ပွား ခဲ့ကြောင်းသတင်းရရှိသည်။

ဓားဖြင့်ထိုး၍ ထွက်ပြေးခဲ့သော လူငယ်ကိုးဦးအနက်မှခြောက်ဦးကို ပုသိမ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ပြီး သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ အဓိက တရားခံအပါအဝင် ခြောက်ဦးကိုဖမ်းဆီးရမိပါပြီ၊ ကျန်တဲ့ သုံးဦးကိုလဲ ဖမ်းဆီးရမိရေးအတွက်ဆက်လက် ဆောင်ရွက်နေ ပါတယ်”ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ထွန်းရွှေမှ ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ဗိုလ်ဘဌေးလမ်းရှိ LUCKY 9 KTV တွင် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၂နာရီ ၃၀ အချိန်တွင် အမည်မသိ လူငယ်ကိုးဦးမှ လာရောက်စားသောက်ပြီး ပိုက်ဆံ မရှင်းပဲထွက်သွား သည်ကို ဆိုင်အလုပ်သမားဖြစ်သူ စိုင်းဝဏ္ဏကျော်မှ ကျသင့်ငွေလိုက်လံ တောင်းခံရာမှ စကားများစဉ် လူငယ်ကိုးဦးထဲမှတစ်ဦးက ဗိုလ်ဗဌေးလမ်းပေါ်တွင် ဓါးဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

စိုင်းဝဏ္ဏကျော်မှာ ယာဘက်နံစောင်းထိုးသွင်း ဒဏ်ရာတစ်ချက် ယာဘက်လက်မောင်းပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီး ပုသိမ် ဆေးရုံကြီးသို့ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ်သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဓားဖြင့်ထိုး၍ထွက်ပြေးခဲ့သော လူငယ် ကိုးဦးအား ပုသိမ်နယ်မြေ ရဲစခန်းမှ (ပ) ၅၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမူဖွင့်စစ်ဆေးခဲ့ရာ အဓိကလူသတ်မူကျူးလွန်သူ မြတ်ကိုကိုအောင် (၁၇)နှစ်၊ ရေကြည်ဦးရပ်ကွက်နေအား သက်သေခံဓားနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်အထိ ပြစ်မူကျူးလွန်စဉ် ပါဝင်ခဲ့ သော ကိုးဦးအနက်မှ ခြောက်ဦးဖမ်းဆီးထားပြီး သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

Ayeyarwaddy_Times

Loading...

Facebook Comments