မယ်သီကို လူမုန်းများမယ့် ပိုစ့်။ အခန့်မသင့်ရင် အဆဲခံပြီး ပွက်ပွက်ညံသွားစေနိုင်တဲ့ post မှန်းလည်းသိတယ်..ဒါပေမယ့် ကျွန်မရေးတယ်

မယ်သီကို လူမုန်းများမယ့် post

ဒီ post ဟာ ကျွန်မကို လူမုန်းများစေမယ့် post ဆိုတာလည်းသိတယ်။ အခန့်မသင့်ရင် အဆဲခံပြီး ပွက်ပွက်ညံသွားစေနိုင်တဲ့ post မှန်းလည်းသိတယ်။

ဒါပေမယ့် ကျွန်မရေးတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မိန်မသားထုအားလုံးကို ချစ်လို့။ နောက်ပြီး ကလေးတွေကို ဒုက္ခမရောက်စေချင်လို့။

အခုတလော သူငယ်ချင်းအိမ်တွေသွားလည်တဲ့အခါ အသက် ၃၀ ဝန်းကျင် တချို့ ၄၀ ဝန်းကျင် မျက်နှာစိမ်းမိန်းမတွေကိုတွေ့တွေ့လာရတယ်။

သူတို့တတွေဟာ အသက်အရွယ်မတူ ရုပ်ရည်မတူ ခန္ဓာကိုယ်အချိုးအစားမတူ နေထိုင်ခဲ့ရာအရပ်ဒေသမတူကြပေမယ့် တူညီတာတစ်ခုတော့ရှိပါတယ်။

အဲ့ဒါကတော့ မြဝတီရောက်ရင် မြဝတီမှာခဏနေပြီးရင် သူတို့အခက်အခဲတွေ ပြေလည်သွားမယ်လို့ မျှော်လင့်နေကြခြင်းပါပဲ။

“အမရေ။ ညီမသူငယ်ချင်းလေ။ အောက်မှာအဆင်မပြေလို့တက်လာတာ။ အလုပ်လေးရှာပေးပါဦး။”

“ညီမရေ။ အမ အမျိုးလေ အောက်မှာ ဒုက္ခတော်တော်ရောက်နေလို့ တက်လာတာ။ ဒီမှာ အလုပ်လေးတစ်ခုခုရှာပေးပါဦးနော်။”

“ဘယ်မှာပဲလုပ်ရရ လုပ်ရပါ။ အောက်ကအကြွေးလေးကြေတာနဲ့ ညီမကပြန်မှာပါ။ ကူညီပါဦးအမရယ်။ အောက်မှာ ကလေးတွေလည်းထားခဲ့ရလို့ပါ။”

ကြည့်လိုက်တော့ အပျိုတစ်ယောက်မှမပါဘူး။ ယောကျာ်းငုတ်တုတ် ကလေးငုတ်တုတ် ရှိတဲ့သူတွေချည်းပဲ။

နေပါဦး ရှင်တို့ကို တစ်ခုလောက်မေးပါရစေဦး။

ရှင်တို့က အောက်မှာ လော်မာချင်တိုင်း လော်မာပြီး အကြွေးတွေလည်ပင်းခိုက်လို့ အကြွေးရှင်တွေသောင်းကျန်းမှ အရှက်ကွဲပြီး မြဝတီကိုထွက်ပြေးလာကြရအောင် မြဝတီကို နတ်ဆင်ကြီးအမြီးဆွဲလိုက်ပြီးရောက်သွားမယ့်

ဟိုကျတော့ စိန်ရွှေငွေတွေ ကိုယ်လိုရာကိုယ်ယူပြီး ပြန်ဆင်းလို့ရမယ့် နတ်ဘုံနန်နန်းများထင်နေလို့လားဟင်။ ဒီမှာ…။

မြဝတီက အခုချိန်မှာ လက်လုပ်လက်စားတွေလောက်မပြောနဲ့။ အရင်းအနှီးရှိတဲ့ ကုန်သည်တွေတောင် ဘယ်လောက်အကြပ်အတည်းတွေ့နေကြသလဲဆိုတာ ရှင်တို့သိရဲ့လား။

နောက်ပြီး အောက်ကနေ ထွက်ပြေးလာတဲ့သူတွေကိုကြည့်လိုက်။ မိသားစု ကျန်းမာရေးကြောင့် အကြွေးတင်ရပါတယ်ဆိုတဲ့လူတစ်ယောက်မှမပါဘူး။

အထည်တွေ နေ့သွင်းယူ လပေးယူ။

ဝင်ငွေမရှိဘဲမဲတွေစု။ မဲထည့်မယ့်ရက်ကျရင် အတိုးနဲ့ဆွဲထည့်။ မဲထုတ်တဲ့အခါကျ ငွေရှင်ကို အတိုးတွေထိုးဆပ်ပြီး အရင်းမကျေ။

LOLC တို့ သမအသင်းတို့ကနေ မှတ်ပုံတင်လေးပြပြီး ချေးငွေတွေထုတ်။

အဲ့ဒီငွေနဲ့အရင်းအနှီးလုပ်မယ်မစဉ်းစားဘူး။ ငွေလေး လုံးလုံးခဲခဲဝင်တာနဲ့ ရွှေလေးပြေးလုပ်ကြ။ ငွေသွင်းရမယ့်ရက်ကျရင် အပေါင်ဆိုင်ပြေးကြ။

အဲ့လိုနဲ့ နောက်ဆုံး အပါတ်စဉ်သွင်းငွေလေးတောင်မသွင်းနိုင်တော့ဘဲ ထွက်ပြေးကြရ။

အလုပ်မရှိတော့ လွယ်လွယ်ရမယ့် ၂ လုံး ၃ လုံးတွေ အပါတ်ရှင်းထိုးကြ။ ကော်မရှင်ရောင်းတဲ့သူတွေကလည်းရောင်းကြ။

နောက်ဆုံး ဘိုင်ဘိုင်ခြင်းပွတ်မှတော့ ပေးရမယ့်အချိန်လည်းရောက်ရော ထိုးသားကလည်း မပေးနိုင်တော့ထွက်ပြေး။

ကော်မရှင်စားကလည်း ထိုးသားမပေးတော့ ဒိုင်ကိုမရှင်းနိုင်ဘဲထွက်ပြေး။

အပြေးသံသရာမှာ လည်နေကြပုံများ ပြောပါတယ်။

အခုခေတ်မှာ လူတိုင်းကြပ်တည်းနေကြတာ။ မိသားစုတွေ မပြေလည်ကြတာ ဆင်းရဲကြတာနားလည်ပါတယ်။

စားကြွေးသောက်ကြွေးလည်း တင်နိုင်တာ နားလည်နိုင်ပါတယ်။ ဒါပေမယ့် အခုက ထွက်ပြေးလာတဲ့သူတွေကိုကြည့်လိုက်။

စားကြွေးသောက်ကြွေးထက် လော်မာကြွေးက ပိုများနေတဲ့သူချည်းပဲ။

မိန်းကလေးလှချင်ပချင်တာကို နားလည်ပါတယ်။ ကိုယ့်သားသမီးကိုလည်း သူများသားသမီးတွေနဲ့တန်းတူ ဝတ်စေစားစေချင်တာ နားလည်ပါတယ်။

ဒါပေမယ့် စီးပွားရေး မပြေလည်တာကို ကိုယ်တိုင်လည်း ရှေ့နောက်စဉ်းစားချင့်ချိန်မှုမရှိ သားသမီးကိုလည်း မိသားစုအခြေအနေကိုနားလည်အောင်မပြောပြဘဲ

မိဘမေတ္တာဆိုတဲ့ လွဲမှားတဲ့ခေါင်းစဉ်တွေတပ်ပြီး မနိုင်တာတွေအကြွေးတင်ခံဖြည့်ဆည်းပေးကြပြီးမှ တကယ်တမ်းမရှင်းနိုင်လို့ထွက်ပြေးကြတော့ ဘယ်သူတွေဒုက္ခရောက်ပြီး ကျန်ခဲ့မှာလဲ။

စဉ်းစား။ ကြာတဲ့အခါ လင်က မယားငယ်ထားမယ်။ သားမွေးထားရင် သားက သူများခိုင်းဖက်ဖြစ်မယ်။ သမီးမွေးထားရင် သမီးက ဖာဖြစ်မယ်။

ကိုယ့်သားသမီး ကိုယ်စေတနာရှိရင် အခုလတ်တလောကိုမကြည့်နဲ့။ ရေရှည်ကိုကြည့်ကြ။

နောက်ပြီး အခုရန်ကုန်မှာ မှတ်ပုံတင်ရှိရုံနဲ့ ထုတ်ချေးပေးနေတဲ့ အဖွဲ့တွေရဲ့ရည်ရွယ်ချက်က မိသားစု တနိုင်တပိုင်စီးပွားရေးလုပ်ပြီး အဆင်ပြေချောင်လည်လာစေဖို့ အရင်းထုတ်ပေးတဲ့သဘော။

ဒါပေမယ့် အခု ချေးနေကြတဲ့သူတွေရဲ့ ၉၉ ရာခိုင်နှုန်းကိုကြည့်လိုက်။ ဘယ်သူမှ အိမ်ဆိုင်မတည်ဘူး။ အရင်းရပြီဆိုပြီး ဈေးထွက်မရောင်းဘူး။

စက်ချုပ်မသင်ဘူး။ မသိရင် သူတို့ပထွေးဆီက အမွေရတဲ့ပိုက်ဆံလို ပြန်မဆပ်ရတော့မယ့်အတိုင်း ရွှေတိုရွှေစလုပ်ဝတ်ကြ အိမ်တွေပြင်ကြ ဘုရားဖူးထွက်ကြ အလှူလုပ်ကြနဲ့။

ဟော တစ်ပါတ်တစ်ခါ ပြန်ဆပ်ရမယ့်ရက်တွေလည်းကျရော ဟိုဟာလေးပြေးပေါင်လိုက် ဆပ်လိုက် ဒီဟာလေးပြေးပေါင်လိုက် ဆပ်လိုက်။

တစ်နှစ်ပြည့်လို့ အဆုံးလည်းသတ်ရော နောက်ဆုံးအဖတ်တင်ကျန်တာဆိုလို့ ပါတ်ဝန်းကျင်မှာ အကြွေးပါတ်လည်တင်တာနဲ့ ကိုယ့်ပစ္စည်းတွေ အပေါင်ဆိုင်ရောက်တာပဲရှိတယ်။

ကဲ ထားပါတော့။ လုပ်ချင်ရာလုပ်ပြီးပြီ။

လင်ပစ်သားပစ်သမီးပစ် ဒီကို ထွက်ပြေးလာတော့ရော ဒီမှာ ပြသနာတွေကို အချိန်တိုတိုနဲ့ ခပ်လွယ်လွယ်မြန်မြန်ရှင်းဖို့ ငွေလွယ်လွယ်ရတဲ့အလုပ်လုပ်ပြီးအောက်ကိုပြန်ဆင်းသွားနိုင်ကြမယ်လို့များ ထင်နေကြသလား။

ရိုင်းရိုင်းပဲပြောလိုက်မယ်။ မိန်းကလေးတစ်ယောက် ကိုယ်စွမ်းဥာဏ်စွမ်းမရှိဘဲ ငွေခပ်လွယ်လွယ်ရတာဆိုလို့ ဖျာပေါ်မှာပဲရမယ်။

အဲ့ဒီဖျာပေါ်တက်ဖို့ကလည်း ကိုယ့်အသက်ကိုယ်ကြည့်ဦး။ အသက် ၃၀ ဆိုကတည်းက အဲ့ဒီလောကအတွက် ရွတ်တွနေပြီ။

ကလေးမွေးထားတဲ့ ခန္ဓာကိုယ်တွေကလည်း ဘတ်လပိုင်လိုက်နေပြီ။ ဒီက မာဆတ်တွေ KTV ဆိုတာတွေကလည်း အသက် ၂၃ လောက်ဆိုရင်တောင် ဟိုင်းပြီထင်နေကြတာ။

ရှင်တို့အရွယ်ဆို ဂေါက်ကွင်းရှေ့မှာ လမ်းသလားပြီး အချိုအချောင်နှိုက်မယ့်ဖောက်သည်ပဲရှာလို့ရမယ်။ ဒါတောင် အခန့်မသင့်ရင် လိုင်းကြေးမပေးနိုင်ရင် ဂျေးအောင်းပြီး တစ်ရှက်က နှစ်ရှက်ဖြစ်ဦးမယ်။

သြော် ကောင်းရောင်းကောင်းဝယ်စက်ရုံမှာပဲ လုပ်မှာပါဟုတ်လား။ အသက် ၂၅ ကျော်ရင် ဘယ်စက်ရုံမှ မခန့်ချင်တော့တာ သိထားဦး။

နောက်ပြီး အခု စက်ရုံတွေမှာ အလုပ်ဝင်ဖို့ Passport ခ ဗီဇာခ ပွဲစားခ မရှိဘဲ ဝင်လို့ရမယ်များထင်နေသလား။

ဒါဆို လုပ်စရာတစ်ခုပဲရှိတော့တယ်။ နီးစပ်ရာ ငွေရွှင်တဲ့ယောကျာ်းတစ်ယောက်ကို ကပ်ထားပြီး ခန္ဓာကိုယ်ပေး မယားငယ်ခပ်လွယ်လွယ်ခံလို့ရမယ်လည်း မထင်နဲ့။

မြဝတီမှာ အားလုံးက ဂျင်ပေါ်ကထုံးပဲ။ မြဝတီက မိန်းမကိစ္စ ဇရှိပါတယ်ဆိုတဲ့အကောင်တွေကလေ။ ၂ ထောင်ရှိရင် မြင်းဆေးရှုမယ်။

၁ သောင်းရှိရင် မာဆတ်မှာ မိန်းကလေးငယ်ငယ်လေးတွေကို သွားချမယ်။ ၃ သောင်းလောက်ရှိရင် ktv မှာ စော်လှလှလေးတွေ အနံ့သွားရှုမယ်ဆိုတဲ့သူတွေချည်းပဲ။

နင်တို့လိုဟာတွေကို ဘယ်သူမှ အကုန်အကျခံပြီး မယားငယ်မထားဘူး။ အလကားရရင်သာ စားလိမ့်မယ်။

အခုနောက်ဆုံးပြောချင်တာက မြဝတီဟာ ရှင်တို့ထင်နေသလို လိုတရနတ်ပြည်မဟုတ်ဘူး။ နတ်ကွမ်းရွက်လည်းမရှိသလို နတ်နှင်တံလည်းမရှိဘူး။

တစ်နိုင်ငံလုံးနည်းတူ မြဝတီဟာလည်း စီးပွားရေးအကြပ်အတည်းတွေနဲ့ရင်ဆိုင်နေရတာကြာပြီ။ မြဝတီမှာ ပိုက်ဆံပေါတယ်ဆိုတာ အရင်ခေတ်က။

အခုမဟုတ်တော့ဘူး။ မြဝတီမှာမှ မဟုတ်ဘူး။ တကမ္ဘာလုံးဘယ်သွားသွား လုပ်ငန်း သေသေချာချာကျွမ်းကျင်မှုရှိမှ အလုပ်လုပ်ရတာအဆင်ပြေမယ်။

အခုလို နိုင်ငံနဲ့အဝှမ်းစီးပွားကျနေတဲ့အချိန် ကိုယ့်စိတ်ကိုကိုယ်ထိန်း။ ကိုယ့်သားသမီးကို ကိုယ်နားလည်အောင်ပြောပြ။ လော်မာမှုတွေကိုလျော့ချကြတော့။

တတ်နိုင်သမျှအကြွေးမတင်အောင်နေ။ မတတ်နိုင်လို့ အကြွေးတင်ရင်လည်း ကိုယ်တိုင်အလုပ်လုပ်ပြီး အပိုဝင်ငွေရဖို့သာကြိုးစားကြ။ ဘယ်သူမှအားကိုးမရဘူး။

အခုချိန် တောင်မင်းကိုလည်း မြောက်မင်းကမကယ်နိုင်ဘူးဆိုတာ သိထားကြ။

အေး။ တကယ်လို့ အောက်မှာ အရမ်းအဆင်မပြေဖြစ်နေပါတယ်။ ဒုက္ခရောက်နေပါတယ်ဆိုရင် မိသားစုလိုက် ပြောင်းလာပြီး ရိုးရိုးသားသား အလုပ်လာလုပ်ချင်ပါတယ်ဆိုရင်တော့ chat box ကနေ အကူအညီတောင်း။

အစအဆုံးရှင်းပြပေးမယ်။ ကူညီပေးမယ်။အဲ့ဒီလိုမှမဟုတ်ဘဲ လင်ပစ် သားပစ်ပြီး ထွက်ပြေးလာပြီးမှ အကြွေးမြန်မြန်ကြေအောင် အမကူညီပေးပါ လာမလုပ်နဲ့။

နင်တို့ တကိုယ်လုံး ခုတ်ထစ်ပြီးရောင်းရင်တောင် ၂ သောင်းမရဘူးမှတ်။

Source မယ်သီ
သမီးလေး

Loading...

Facebook Comments