မင်းသွေး ကွယ်လွန်ခြင်း (၂) လပြည့်မှာ မင်းသွေး ပြောမည့် သတ်ကွင်းအကြောင်း

ပရိသတ်တွေချစ်ကြတဲ့ သရုပ်ဆောင်နဲ့ အဆိုတော် မင်းသွေးကွယ်လွန်သွားတာ ဒီနေ့ (ဒီဇင်ဘာလ ၃ ရက်နေ့) မှာ နှစ်လတိတိပြည့်ပြီပဲဖြစ်ပါတယ်။ မင်းသွေးဟာ နာမည်ကြီးမင်းသားနေတိုးရဲ့ ညီအရင်းဖြစ်ပေမယ့် အစ်ကိုဖြစ်သူကို အားမကိုးပဲ သူ့အစွမ်းအစနဲ့သူ ကြိုးစားရင်း အောင်မြင်လာခဲ့သူဖြစ်ပါတယ်။ မင်းသွေးက ရုပ်ရှင်ဇာတ်ကားတွေမှာလဲ အမူအယာ အိုက်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

မင်းသွေးဟာ သရုပ်ဆောင်ကောင်းရုံသာမကပဲ သီချင်းဆိုတဲ့ နေရာမှာပါ ထူးချွန်တာမို့ ပရိသတ်တွေက အရမ်းကို ကြိုက်နှစ်သက်ကြပါတယ်။ မင်းသွေးက “ထိုးစစ်” လို့နာမည်ရတဲ့ တစ်ကိုယ်တော်သီချင်းခွေကိုလဲ ထွက်ရှိထားနိုင်ခဲ့ပါတယ်။ မင်းသွေးက ရခိုင်တိုင်းရင်းသားပီပီ ရခိုင်သီချင်းတွေကိုလဲ သီဆိုခဲ့တာ ပရိသတ်တွေက အရမ်းသဘောကျကြပါတယ်။

မင်းသွေးဟာ အောက်တိုဘာလ (၃) ရက်နေ့က ဘောလုံးကန်ရာမှတဆင့် နှလုံးအမောဖောက်ပြီး ဘဝတစ်ပါးကို ရုတ်တရက်ပြောင်းသွားတာပဲဖြစ်ပါတယ်။ အောင်မြင်နေဆဲမှာပဲ ရုတ်တရက်ကွယ်လွန်သွားခဲ့တာမို့ ပရိသတ်တွေက လွန်စွာနှမြောကြပါတယ်။ ပရိသတ်တွေသာမကပဲ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေကလဲ အရမ်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

မင်းသွေးဟာ သူမသေဆုံးခင်မှာ ရိုက်ကူးထားခဲ့တဲ့ “မုန်းစွဲ”၊ “သတ်ကွင်း”၊ “လေးပါးကြော့ရှိန် ဝရဇိန်” စတဲ့ ရုပ်ရှင်တွေ ရုံမတင်ရသေးခင်မှာပဲ ရုတ်တရက်ဆုံးပါးသွားတာဖြစ်ပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကတော့ လက်ရှိမှာ ရုံတင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားပါတယ်။ နောက်တစ်ထပ်တစ်ကား “သတ်ကွင်း” ကတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။

ဒီနေ့ မင်းသွေးကွယ်လွန်တဲ့ ၂ လပြည့်အမှတ်တရအနေနဲ့ “သတ်ကွင်း အတွက် အစွမ်းကုန် အားစိုက်ခဲ့သော မင်းသွေးရဲ့ အင်တာဗျူး အစီအစဉ် ယနေ့ည ၇ နာရီတိတိ တွင် တင်ဆက်ပါမည်” ဆိုပြီး သတ်ကွင်း Page ကကြေငြာထားပါတယ်။ ပရိသတ်ကြီးလဲ ဒီနေ့ည (၇) နာရီမှာ မင်းသွေးရဲ့ အင်တာဗျူး အစီအစဉ် သတ်ကွင်း Page မှာ စောင့်ကြည့်ဖို့မမေ့ပါနဲ့နော်။

ကွယ်လွန်သွားတဲ့ မင်းသွေးကတော့ ကောင်းရာမွန်ရာဘဝမှာ အေးအေးချမ်းချမ်းရှိနေပြီဖြစ်ပေမယ့် ကျန်ရစ်ခဲ့သူတွေရဲ့ စိတ်မှာတော့ အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပါပဲ။ မင်းသွေးကို ချစ်ခင်အားပေးကြသေးတဲ့ ပရိသတ်တွေ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသရင်လဲ ကြည့်ရှုဖို့မမေ့ကြပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Saw
Source: သတ်ကွင်း Page

Loading...

Facebook Comments