ဖားကန့်မှာ လုပ်ကွက်လုံခြုံရေးနဲ့ ရေမဆေးသမားများကြား ပဋိပက္ခဖြစ်ပွား/ရေမဆေးသမားတစ်ဦးသေပြီး မီးလောင်ပျက်စီးမှုများပါ ဖြစ်ခဲ့

ဖားကန့်၊ နိုဝင်ဘာ ၁၉

ဒီကနေ့ ညနေ ၃ နာရီကျော်ခန့်ကစတင်ပြီး ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာ ၊ နမ့်မှော် ဒေသမှာရှိတဲ့ လုပ်ကွက်တစ်ခုမှာ လုပ်ကွက်လုံခြုံရေးယူနေတဲ့တပ်မတော်သားတွေ နဲ့ ရေမဆေးသမားတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာက ရေမဆေးသမားတစ်ဦးသေဆုံးပြီး မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ ပေါ်ပြူလာနယူးစ်က သတင်းရရှိပါတယ်။

မူလစစချင်း ညနေ ၃ နာရီခွဲလောက်က ကျောက်စိမ်းသစ်ရွက်တူးဖော်ရေးလုပ်ကွက်မှာ သတ်မှတ်ချိန်မရောက်သေးခင်မှာ လုပ်ကွက်အတွင်းကို ရေမဆေးသမားတွေက ၀င်ရောက်ဖို့ကြိုးစားရာကနေ လုပ်ကွက်အစောင့် တပ်မတော်တပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး လုံခြုံရေးတွေပစ်လိုက်တဲ့ ကျည်ဆန်ဟာ ရေမဆေးသမားတစ်ဦးကို ထိမှန်သွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

သေနတ်ထိမှန်မှုကြောင့် ရေမဆေးသမားသေဆုံးခဲ့ပြီး ကျန်ရေမဆေးသမားတွေဟာ ဒေါသထွက်ပြီး စုပေါင်းကာ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ နဲ့ အတူတူဖြစ်တဲ့ ရတနာဆန်းရွှင်ကုမ္ပဏီက အဆောင်ကိုသွားရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နေ မောင်အေးသန်း ဆိုသူဖြစ်ပြီး သူဟာ ညာဘက်ပုခုံးမှာ ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

မီးဟာ ညနေ ၅နာရီ ခွဲမှာ မီးညွှန့်ကျိုးသွားတယ်လို့ အခင်းဖြစ်နေရာကိုရောက်ရှိနေသူ ရေမဆေးသမားတစ်ဦးက ပြောပါတယ်။

ကုမ္ပဏီ အဆောင် ၂ ခုမီးလောင်သွားခဲ့တယ်လို့ကနဦးသိရပြီး စုစုပေါင်း လောင်ကျွမ်းပျက်စီးမှုပမာဏကိုတော့ မေးမြန်းလို့မရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ဆိပ်မူအုပ်စု ဝှေခါကျေးရွာမှာ ရတနာကြယ်ကုမ္ပဏီလုပ်ကွက်အတွင်း လုပ်ကွက်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရေမဆေးသမားတွေအကြား ပဋိပက္ခဖြစ်ပွားလို့ ရေမဆေးသမားတစ်ဦး ကျည်မှန်သေဆုံးခဲ့ပါသေးတယ်။

PN

Credit :Popular News Journal

 

Loading...

Facebook Comments