သီရိလင်္ကာလွှတ်တော်မှာ အမတ်များကြား ထိုးကြကြိတ်ကြတဲ့ လက်သီးထိုးပွဲ ဖြစ်ပွား

သီရီလင်္ကာလွှတ်တော်မှာ ပြီးခဲ့တဲ့ရက်က ဝန်ကြီးချုပ်ဖြစ်သူကို မဲပေးဖြုတ်ချလိုက်ပြီးနောက်တစ်ရက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ လွှတ်တော်အမတ်တွေကြား ထိုးကြကြိတ်ကြတဲ့ လက်သီးထိုးပွဲ ဖြစ်ပွားခဲ့ပါတယ်။

“ဝရုန်းသုန်းကား ရုတ်ရုတ်သဲသဲ အခြေအနေကြောင့် ဘယ်သူက ဘယ်သူကို ထိုးတယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ ဒါပေမယ့် ဒဏ်ရာရသူ တော်တော်လေးရှိတယ်။ စိုးတော့ မစိုးရိမ်ရပါဘူး။”လို့ လွှတ်တော်က တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

အောက်လွှတ်တော်မှာ ခုလို ထိုးကြကြိတ်ကြတာ ဖြစ်ပွားတာကြောင့် ဥက္ကဌဟာ လွှတ်တော်ကို ရပ်ဆိုင်းလိုက်ရပါတယ်။

ဥက္ကဌဖြစ်သူရဲ့ မိုက်ခရိုဖုန်းကို ဆွဲယူဖျက်ဆီးဖို့ လုပ်တဲ့ ဖြုတ်ချခံဝန်ကြီးချုပ် မဟိန္ဒာရာဂျာပတ်စာရဲ့ ပါတီက အမတ်တစ်ဦးကတော့ ဒဏ်ရာရပြီး ဆေးရုံတင်ပို့ရကြောင်း ယင်းတာဝန်ရှိသူက ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံမှာ သမ္မတဖြစ်သူ မိဿထရီပါလာသီရိသေနဟာ အောက်တိုဘာ ၂၆ ရက်က ရာနေးဝှစ်ရမ်မီဆင်းခ်ျကို ဝန်ကြီးချုပ်အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီး သူ့နေရာမှာ ရာဂျာပတ်စာကို အစားထိုးခန့်အပ်လိုက်ပြီးနောက်မှာ နိုင်ငံရေးအကျပ်အတည်းဆိုက်နေခဲ့တာဟာ သီတင်းသုံးပတ်နီးပါး ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်မှာ သီရိသေနာက အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံ သီရိလင်္ကာရဲ့ လွှတ်တော်ကို ဖျက်သိမ်းပြီး ဇန်နဝါရီမှာ ရွေးကောက်ပွဲ အချိန်စော ကျင်းပဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါပေမယ့် သမ္မတဖြစ်သူ သီရိသေနရဲ့ လုပ်ရပ်ကို အင်္ဂါနေ့မှာ တရားရုံးချုပ်က ဝင်တားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်ကို ပြန်လည်ခေါ်ယူပြီး ဝန်ကြီးချုပ် ရာဂျာပတ်စာရဲ့ အစိုးရကို အယုံအကြည်မရှိကြောင်း အဆို အတည်ပြုကာ သမ္မတရဲ့ လုပ်ရပ်ကိုလည်း ဥပဒေနဲ့ မညီညွတ်ကြောင်း ကြေညာချက် ထုတ်လိုက်တာ ဖြစ်ပါတယ်။

Loading...

Facebook Comments