လူမှားဖမ်းပြီး ရိုက်နှက်စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ထိရောက်စွာအရေးယူမည်ဆို၍ ချိုးဖောက်ခံရသူက ကျေအေးပေး

အလုံမြို့နယ် သစ်တောလမ်း၌ အမျိုးသားတဦးအား တရားခံအဖြစ် မှားယွင်းဖမ်းဆီးမှုမှ ကျူးလွန်သူ ရဲတပ်ဖွဲ့ဝင် ၂ ဦးအား ထိရောက်စွာအရေးယူမည်ဆိုသောကြောင့် အမှုကျေအေးပေးလိုက်ကြောင်း ချိုးဖောက်ခံရသူ ကိုအောင်စိုးထိုက်က ပြောသည်။

“အခု လောလောဆယ်တော့ ကျွန်တော်တို့က တရားမစွဲသေးဘူး။ သူတို့က အရေးယူမယ်ဆိုလို့ စောင့်ကြည့်နေတယ်။ နောက်ဆုံး အရေးမယူဘူးဆိုရင်တော့ ကျွန်တော်တို့ တခုခုလုပ်ရမှာပေါ့။ အခုဆိုရင် လူ့အခွင့်ရေးကော်မရှင်တွေ ဘာတွေ တိုင်ဖို့မရှိသေးဘူး။ ဒါပေမယ့် သူတို့ပြောသလို မလုပ်ဘူးဆိုရင်တော့ ဒီဖြစ်စဉ်ကို record လုပ်ထားတယ်။ နောက်ပိုင်း အဲ့ဒါနဲ့ ကိုင်ပြီပဲ”ဟု ကိုအောင်စိုးထိုက်က ပြောသည်။

ကိုအောင်စိုးထိုက်အား တရားခံနှင့်မှားပြီး ထိုးကြိတ်ဖမ်းဆီးသည့်အပြင် စခန်းတွင် အချိန် ၁ နာရီခန့် ပုံစံထိုင်ခိုင်းခြင်း၊ ခြိမ်းခြောက် ၀န်ခံခိုင်းခြင်းများပါပြုလုပ်ခဲ့ကြောင်း၊ ည ၁၁ နာရီခန့် မြို့နယ်မှူးရောက်လာသည့်အခါမှ လူမှားမှန်းသိ၍ အိမ်ပြန်ခဲ့ရကြောင်း ၎င်းက ပြောသည်။

“နောက်ထပ်အပြစ်မဲ့သူတွေ ဒီလိုမျိုး ထပ်မခံရဖို့အတွက် ဒါကို မီးမောင်းထိုးပြီးတော့ နောက်လူတွေ မဖြစ်ဖို့ဘဲ ကျွန်တော်လိုချင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း ဒီကိစ္စကို နမူနာယူပြီးတော့ အပြစ်မဲ့သူတွေ မခံရအောင် ကူညီပေးစေချင်တယ်”ဟု ကိုအောင်စိုးထိုက်က ပြောသည်။

ဖြစ်စဉ်မှာ ကိုအောင်စိုးထိုက်သည် နိုဝင်ဘာ ၉ ရက် ညနေအချိန်တွင် သမီးကျောင်းကြိုရန်သွားစဉ် အလုံမြို့နယ် သစ်တောလမ်းတွင် ထွေးအုပ်ရုံးတွင်ဖြစ်ပွားခဲ့သည့် ဖုန်းခိုးခံရမှု CCTV မှတ်တမ်းမှတရားခံနှင့် ရုပ်ချင်းဆင်တူသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက ထိုးကြိတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါရဲ ၂ ဦးက ကျေနပ်သည်အထိတောင်းပန်ခဲ့သည့်အပြင် ထိရောက်စွာအရေးယူမည်ဟု ကတိပြုခဲ့သည့်အတွက် အမှုကို ကျေအေးပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အလုံမြို့နယ်ရဲစခန်းသို့ News Watch က သွားရောက်မေးမြန်းခဲ့ရာတွင် တိုင်းဒေသကြီးရုံးသို့သာမေးမြန်းရန် စခန်းမှတာဝန်ရှိသူတဦးက ပြန်လည်ပြောကြားခဲ့သည်။

စိုးစိုးစံ

Credit : http://newswatch-mm.com

Loading...

Facebook Comments