အရက်ကြောင်နေသူက မိခင်ကိုဓားဖြင့်ထိုးကာ ညီမကိုသတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်ပါသတ်သေသွားသည့် လူသတ်မှုဖြစ်ပွား

(၂၂.၁၀.၂၀၁၈)

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ညီမကိုသတ် မိခင်ကိုဓားဖြင့်ထိုး၍ မိမိကိုယ်ကိုယ်ပါပြန်၍တူမီးသေနတ်ဖြင့်ပစ်ခတ်သေဆုံးသွားသည့် လူသတ်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၁ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ကျိုင်းတုံမြို့နယ်၊ နောင်တောင်းကျေးရွာအုပ်စု၊ ဘာခွေ(၂) ကျေးရွာနေ ဦးကျဝ၊ ၅၆ နှစ်သည်အလုပ်မှနေအိမ်သို့ ပြန်လာခဲ့စဉ်တွင် လမ်းခုလတ်ဖြစ်သည့်နားကော်ကျေးရွာဈေးတန်းနား၌ ဇနီး မနာမွေး၊ ၅၀ နှစ်သည်ဝမ်းဗိုက်တွင်ဓားထိုးသွင်းဒဏ်ရာဖြင့်ထိုင်လျက်ငိုကြွေးနေသည်ကိုတွေ့ရှိသဖြင့် မေးမြန်းရာသားဖြစ်သူကျဖေ့၊ ၂၅ နှစ်က ဓားနှင့်ထိုးသွားခဲ့သည့်အပြင်သမီးကိုလည်းထိုးသတ်သွားကြောင်းပြောပြခဲ့သဖြင့် ဦးကျဝလည်းသမီးအတွက်စိုးရိမ်ကာနေအိမ်သို့ အပြေးသွားရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့သို့ သွားရောက်ကြည့်ရှုရာ နေအိမ်လှေကားရင်း၌အသက် ၂၄ နှစ်အရွယ်သမီးမနာကျိုးရီမှာဝဲဘက်ရင်ညွှန့်၌ထိုးသွင်းဒဏရာကြီးတစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည့်အပြင် သားဖြစ်သော ကျဖေ့သည်လည်းနေအိမ်အပေါ်ထပ်အခန်းထဲ၌ညှင်းတွားနေသဖြင့်ထပ်မံကြည့်ရှုရာကျဖေ့မှာ မီးဖိုခန်းထဲသို့ဝင်သွားခဲ့ကြောင်း ဖခင်ကျဝ၏ပြောပြချက်အရ သိရသည်။

ထို့ပြင် တူမီးသေနတ်နှစ်လက်ကိုလည်းတွေ့ရှိသည့်အတွက် ဖခင်ဦးကျဝမှာလည်းသားဖြစ်သူကျဖေ့ကိုကြောက်ရွံသည့်အတွက် အိမ်အောက်သို့ပြေးဆင်းလာကာ ကျေးရွာလူကြီးများထံသို့ အကြောင်းကြားခဲ့ပြီးနောက်ရဲတပ်ဖွဲ့များနှင့်အတူတစ်ဖန်ပြန်၍ ကျဖေ့ကိုဖမ်းဆီးဖို့အလို့ငှာ နေအိမ်သို့သွားရောက်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

သို့သော်နေအိမ်မီးဖိုဆောင်အတွင်း၌ ကျဖေ့၊ ၂၅ နှစ်မှာလည်ပင်းအပေါ်လည်စလုတ်အထက်မှနဖူးထိပ်သို့ ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသ်ည့အတွက် သေဆုံးသူကျဖေ့အလောင်းနှင့် ညီမ နာကျိုးရီအလောင်းတို့ကို ရင်ခွဲရုံသို့တင်ပို့ပေးခဲ့ကြသည်။

“အဓိကကတော့ အရက်ကြောင်ကြောင်တာပေါ့ဗျာ။ ကျွန်တော်တို့ သွားဖမ်းတဲ့အခါမှာ ကျဖေ့ကလည်းသူ့ကိုယ်သူပြန်ပြီးတူမီးနဲ့ လည်စလုတ်ကနေပစ်ခတ်ပြီးသေဆုံးသွားတဲ့အလောင်းကိုတွေ့ခဲ့တဲ့အတွက် အလောင်းတွေကိုရင်ခွဲရုံတင်ပို့ပေးခဲ့တယ်။ ဒဏ်ရာရရှိတဲ့ သူ့မိခင်မနာမွေးကိုတော့ ဆေးရုံမှာဆေးကုသပေးနေပါတယ်” ဟု ကျိုင်းတုံမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ညီမကိုသတ်ပြီး မိခင်ကိုလည်းဓါးဖြင့်ထိုးသည့်အပြင် မိမိကိုယ်ကို တူမီးသေနတ်ဖြင့် ပစ်ခတ် သေဆုံးခဲ့သည့် ကျဖေ့၊ အသက် ၂၅ နှစ်အား ကျိုင်းတုံ မြို့မရဲစခန်းမှ (ပ)၄၈၀/၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဒါးဇ(အကုန်သိသတင်းဌာန

Loading...

Facebook Comments