လွယ်ဂျယ်၌ ဖဲကြွေးမဆပ်နိုင်၍ သုံးလသားအရွယ် သားဖြစ်သူအား မိခင်အရင်းမှ ရောင်းစားမှု ဖြစ်ပွား

လွယ်ဂျယ် အောက်တိုဘာ ၁၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့၌ အောက်တိုဘာ၁၈ရက်က ဖဲရိုက်လောင်းကစားရာမှ အကြွေးမဆပ်နိုင်သဖြင့် သုံးလသားအရွယ် သားဖြစ်သူအား မိခင်အရင်းမှ တရုတ်ယွမ်ငွေ ၅၀၀၀ ဖြင့် ရောင်းစားခဲ့မှု ဖြစ်ပွားခဲ့၍ လွယ်ဂျယ်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ​အောက်​တိုဘာ ၁၈ ရက်​ နံနက်​ ၉ နာရီခန့်​က လွယ်ဂျယ်မြို့၊လူကုန်ကူးမှုတားဆီးနှိမ်​နင်း​ရေးရဲတပ်​ဖွဲ့၊တပ်​ဖွဲ့စိတ်​(၂)ရုံးသို့ လွယ်ဂျယ်မြို့၊ရပ်​ကွက်​​(၁)နေ ဦး​အေးမင်း ​ရောက်​ရှိလာကာ ၎င်း၏​နေအိမ်အောက်ထပ်၌ ငှါးရမ်းနေထိုင်သည့် ကျောက်ဆည်မြို့နယ်၊ကလေးကျေးရွာနေ မမိုးမိုး(၂၇)နှစ်သည် အသက်သုံးလသားအရွယ် သားအရင်းဖြစ်သူအား တရုတ်-မြန်မာနယ်စပ်ရှိ ရှမ်းရွာတစ်ရွာတွင် တရုတ်ငွေယွမ် ၅၀၀၀ ဖြင့်ရောင်းစားခဲ့ကြောင်း အသိဖြစ်သူမှ ဖုန်းဖြင့်အကြောင်းကြားခဲ့ခြင်းကြောင့် မမိုးမိုးအား ကလေးဘယ်မှာလည်းဟု မေးမြန်းကြည့်ရာ ကလေးမှာ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသမီးတစ်ဦးမှ ပွေ့ချီရင်း လုယူထွက်ပြေးသွားကြောင်း လိမ်ညာပြောဆိုခဲ့ပြီး နောက်တစ်ရက်တွင် ထွက်ပြေးသွားကြောင်း လာရောက်တိုင်တန်းခဲ့သဖြင့် လူကုန်​ကူးမှုတားဆီးနှိမ်​နင်း​ရေးရဲတပ်​ဖွဲ့၊တပ်​ဖွဲ့စိတ်​(၂)လွယ်ဂျယ်မှ ဒုတိယရဲအုပ်ထွန်းနိုင်လင်းက လွယ်ဂျယ်-ဗန်းမော်သွားလမ်းရှိ စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ရာ ယင်းနေ့ညနေပိုင်းတွင် ဗန်းမော်စတား ခရီးသယ်တင်ယာဉ်ပေါ်၌ မမိုးမိုးအား ဖမ်းဆီးရမိခဲ့သည်။

မမိုးမိုး၏ စစ်ဆေးထွက်ဆိုချက်အရ ၎င်းသည်​ မြန်​မာ-တရုတ်​နယ်​စပ်​ရှိ တုန်​ဟုန်း(ရှမ်း)ရွာတွင် ဖဲရိုက်လောင်းကစားရာမှ ဖဲကြွေးမဆပ်နိုင်သဖြင့် ၎င်းကျေးရွာတွင်နေထိုင်သည့် လင်မယားနှစ်ဦးထံ တရုတ်ယွမ်ငွေ ၅၀၀၀ ဖြင့်ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါရောင်းစားခံခဲ့ရသည့် သုံးလသားအရွယ် မောင်သုတအောင်အား ပြန်လည်ကယ်တင်နိုင်ရန်အတွက် လူကုန်​ကူးမှုတားဆီးနှိမ်​နင်း​ရေးရဲတပ်​ဖွဲ့၊တပ်​ဖွဲ့စိတ်​(၂)လွယ်ဂျယ်ရုံးမှ တာဝန်ရှိသူများက တရုတ်နိုင်ငံ လားရင်းမြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊တုန်ဟုန်းကျေးရွာမှ တာဝန်ရှိသူတို့နှင့် တရုတ်နိုင်ငံ နောင်ဟုန်းမြို့တွင် ဆွေးနွေးညှိနှိုင်းကာ ယင်းနေ့ညနေ ၅ နာရီတွင် မောင်သုတအောင်အား မြန်မာနိုင်ငံဘက်သို့ ပြန်လည်ခေါ်ဆောင်လာကာ လူကုန်​ကူးမှုတားဆီးနှိမ်​နင်း​ရေးရဲတပ်​ဖွဲ့၊တပ်​ဖွဲ့စိတ်​(၂)လွယ်ဂျယ်ရုံးမှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးအောင်လှိုင်မှ လူကုန်ကူးမှုကျူးလွန်ခံရသူ သုံးလသားအရွယ် မောင်သုတအောင်အား ဖခင်ဖြစ်သူ ဦးအောင်သူမင်းထံသို့ သက်သေများရှေ့မှောက်တွင် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မမိုးမိုးအား လွယ်ဂျယ်နယ်မြေရဲစခန်းတွင် (ပ)၂၉/၂၀၁၈၊လူကုန်​ကူးမှုတားဆီးနှိမ်​နင်း​ရေးဥပ​ဒေပုဒ်​မ ၂၄ ဖြင့်​ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)

Loading...

Facebook Comments