မင်းဘူး အောက်တိုဘာ ၁၆ (သို့) မျက်ရည်ကျရင်းရေးရတဲ့စာ

“ဆေးရုံရောက်တော့ လေယာဉ်နဲ့တိုက်မိတဲ့ကလေးမလေး မေးတာလားဆိုတော့ အံ့သြသွားတယ် ”
သမီးဖြစ်သူဆေးရုံရောက်နေကြောင်း သတင်းကြားပြီး လိုက်လာသည့်မိဘနှစ်ပါးမှာ ထူးဆန်းသည့်မေးခွန်းတစ်ခုနှင့် ရင်ဆိုင် လိုက်ရသည်။ လမ်းဖြတ်ကူးစဉ် ကား ၊ဆိုင်ကယ်တစ်ခုခုနှင့်တိုက်မိခိုက်မိ ခြင်းဖြစ်မည်ဟု သူတို့ ထင်ထားပုံရသည်။
လူလုပ်သတ္ထုတုံးကြီးတစ်ခု ကောင်းကင်ပေါ်မှကျလာပြီး သမီးဖြစ်သူ၏ ကျောပြင်နှင့်ဦးခေါင်းကိုထိမှန် ခံလိုက် ရမှန်း သူတို့ကြားသိပြီးမကြာမီမှာပင် မသွယ်ဇင်ငြိမ်းဆိုသည့် အသက်ဆယ်နှစ်အရွယ် ငါးတန်းကျောင်းသူလေးက အသက် ဇီဝိန်မဲ့သွားခဲ့ပြီဖြစ်သည်။
မင်းဘူးမြို့၏ အောက်တိုဘာ ၁၆ ရက်နံနက်ခင်းမှာ ထိန့်လန့်စရာများ ၊ ၀မ်းနည်းကြေကွဲဖွယ်ရာများဖြင့် စတင် နိုးထလာခဲ့ပြီးနောက် အသက်ဇီဝိန်သုံးချောင်း အိပ်စက်သွားခဲ့မှုကို အတည်ပြုလိုက်ရသည်။
“လေယာဉ်ပျက်ကျတာ —- တာဝါတိုင်နဲ့တိုက်မိသွားတာ —— ဆားပွတ်ချောင်းထဲ ထိုးကျသွားတယ် —- လေယာဉ်မှူးကတော့ မြင်မကောင်းဘူး သေပြီ —– ကျူရှင်စာကျက်ဝိုင်းမှာ စာလုပ်နေတဲ့ ငါးတန်းကျောင်းသူလေး လေယာဉ် အစအနတွေ ထိပြီး သေသွားပြီ ဆေးရုံမှာ —– ပျက်ကျတာ နှစ်စင်းတဲ့ —- သနပ်ပင်စုရွာ လယ်ကွင်းအစပ်မှာ တစ်စင်းပျက်ကြ သေးတယ်တဲ့ — လေယာဉ်မှူးလည်း သေသွားတယ် —– ”
သတင်းစကားများ၏ ပျံ့နှံ့မှုကလျင်မြန်လွန်းပြီး နီးစပ်သူများက ဆားပွတ်ချောင်းထဲ ရောက်လာကြသည်။ လူမှုကွန်ယက်များတွင် ဓါတ်ပုံများ ပြန့်နှံ့သွားသည်။ သတင်းထောက်များ ရောက်လာကြသည်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ၊ တပ်ဘက်တာဝန်ရှိသူများ ၊ အကူအညီပေးသူများလည်း ရောက်လာကြသည်။ ဆားပွတ်ချောင်းတံတားပေါ် နှင့် မင်းဘူး-မကွေးလမ်းမကြီးပေါ်၌ ဆိုင်ကယ်များ ၊ကားများ ပြည့်ကျပ်သွားသည်။ လူများ လွန်းထိုးယှက်တင် သွားလာကြည့်ရှုနေကြသည်။
သတင်းထောက်များက ဆားပွတ်ချောင်းအပျက်အစီးများကြားမှ သနပ်ပင်စုရွာရှိ လေယာဉ်ပျက်ဆီသို့ ပြေးလွှားသွားကြသည်။
သတင်းဌာနပေါင်းစုံမှ သတင်းများတက်နေကြပြီး ကွင်းဆင်းစစ်ဆေးကြသည့် တာဝန်ရှိသူများက သေဆုံးသူ များ ၏ မိသားစုများထံ သွားရောက်နှစ်သိမ့်မှုများ ၊ ကူညီမှုများ လုပ်ဆောင်နေကြပြီဖြစ်သည်။ အဖွဲ့အစည်းများ ၊ အရောင်များ ကြွဲပားမှုမရှိစွာ ဦးတည်ရာတူစွာဖြင့် စာနာမှုများဆီသို့ ခြေဦးလှည့်နေကြပြီဖြစ်သည်။
လေယာဉ်မှူးများ၏အသက်မဲ့ခန္တာများကို သက်ဆိုင်ရာကသယ်ဆောင်သွားကြပြီး အောက်တိုဘာ ၁၆ရက် ည နေပိုင်း၌ ကျောင်းသူလေး၏ဈာပနသို့ လိုက်ပါပို့ဆောင်သူ များပြားလွန်းလှသည်။ စာနာမှုခြေအစုံများ၏ လေးလံမှုတို့ကို မြင်ရသည်။
စာသင်ဝိုင်းလေးတစ်ခု၏ ၀မ်းနည်းစရာမြင်ကွင်းဓါတ်ပုံက လူမှုကွန်ယက်တွင် ပျံ့နှံ့နေဆဲဖြစ်သည်။ ကြည့်ရှုမိသူ မှန်သမျှ၏ နှလုံးသားကို လက်ကြမ်းကြမ်းနှင့်ဆွဲအုပ်ကိုင်ခံလိုက်သလို နာကျင်စေမည့် ဓါတ်ပုံဖြစ်သည်။ စီးသူမဲ့နေသော ဖိနပ် လေးများ ၊ ဖင်ထိုင်ခုံလေးများ ၊ သွေးအိုင်ထဲမှ ကွန်ပါဘူးတစ်ခု ၊ ကလေးငယ်တစ်ဦး၏အသက်ကိုနှုတ်ယူလိုက်သည့် လေယာဉ် အစိတ် အပိုင်းတစ်ခု နှင့် ဖရိုဖရဲပြန့်ကျဲနေသည့် စာအုပ်များ ၊ ဘောလ်ပင်များ ၊ ထောင့်စွန်းကျိုးပဲ့နေသော သစ်သားစာကြည့် စားပွဲလေးတစ်လုံး တို့ကို မြင်ရမည်ဖြစ်သည်။
အောက်တိုဘာ ၁၆ ရက်၊ ကျောင်းနေကလေးများ နှစ်ဝက်စာမေးပွဲ အင်္ဂလိပ်စာဖြေဆိုရမည့် နေ့လေးတစ်နေ့ ဖြစ်သည်။ မသွယ်ဇင်ငြိမ်းဆိုသည့် ငါးတန်းကျောင်းသူလေးမှာ မနက်စာကို အဒေါ်ဖြစ်သူစီစဉ်ပေးသည့် လက်ဖက်ရည်နှင့် မုန့်ကို စားပြီး သူငယ်ချင်းများနှင့် စာအတူလေ့ကျင့်ရန် ဆရာမဖြစ်သူ၏နေအိမ်သို့ ရောက်နေခဲ့သည်။
“ မနု ခင်ဗျားတူမဆေးရုံရောက်နေတယ် ” ဆိုပြီး ပတ်ဝန်းကျင်ကလာပြောတယ်။ ငါ့တူမကိုကျူရှင်ပို့ခဲ့တာ ဘယ်လိုလုပ် ဆေးရုံရောက်မှာတုန်းပေါ့။ လိုက်သွားတော့ ကိုယ်ထင်တာက နည်းနည်းပါးပါးထိခိုက်ပြီး တစ်ပတ်ဆယ်ရက် လောက် နားလိုက်ရင် ပျောက်လောက်မယ်ထင်ထားတာ။ သက်သာပြီး ပြန်လာရလိမ့်မယ်ထင်ထားတာ။ ဟိုရောက်တော့ သူ့ ပုံစံကြီးကြည့်ရတာကို မသက်သာပါဘူး မရှုမလှကြီး။ သွားတုန်းကတော့ အသက်ငွေ့ငွေ့ကျန်သေးတာပေါ့။ စကားလည်း မပြောတော့ဘူး။ ဘယ်သူဘယ်ဝါလည်း သိမယ့်ပုံမပေါ်တော့ဘူး ” ဟု မသွယ်ဇင်ငြိမ်း နှင့်အတူနေထိုင်သည့်အဒေါ်ဖြစ်သူ မနု နုဝင်း က ပြောရင်း မျက်ရည်များကျလာသည်။
မသွယ်ဇင်ငြိမ်း၏မိဘနှစ်ပါးမှာ မင်းဘူးမြို့၊မြေစာရင်းရုံးရှေ့တွင် ထမင်းဆိုင်ဖွင့်၍ ၀မ်းရေးကိုဖြေရှင်းနေကြသူ များဖြစ်သည်။ သမီးနှစ်ယောက်ရှိသည့်အနက် သမီးကြီးသွယ်ဇင်ငြိမ်းကို ပြည့်ပြည့်စုံစုံထောက်ပံ့ပေးနိုင်သည့် ဖခင်ဖြစ်သူ ကိုဖိုး ဖြူ၏ မောင်နှစ်မများ ရှိရာ မင်းဘူးမြို့ ၊ အမှတ်(၁)ရပ်ကွက် ၊ အောင်မြေ ၊(၈)လမ်းနေအိမ်၌ သုံးတန်းကျောင်းသူဘ၀ကတည်းက အပ်နှံထားခဲ့ရသည်။

မသွယ်ဇင်ငြိမ်း၏ မိခင်၊ ဖခင်နှင့် ညီမငယ်
“ကောင်းစားစေချင်လို့ အဒေါ်တွေနဲ့ထားခဲ့ပါတယ်။ သူတို့က စီးပွားရေးအဆင်ပြေလို့ထောက်ပံ့နိုင်တာပေါ့။ ကျွန်တော်တို့က ရုန်းကန်နေရတာ။ စားဖို့သောက်ဖို့လောက်ပဲရတယ်။ အဆင်မပြေရင် အကိုအမတွေဆီ အပူကပ်ရတာ။ သမီးသုံးတန်းမှာ အဒေါ်တွေဆီပြောင်းထားပေးခဲ့တာ။ သောကြာနေ့ ညနေရောက်ရင် သမီးကိုသွားခေါ်တယ်။ အတူတူ အိပ်ကြ တယ်။ နောက်နေ့မနက်ကျရင် ကျူရှင်တက်ဖို့ တောင်ပိုင်းက အဖေတို့အိမ်ကို ပြန်ပို့တယ် ” ဟု ဖခင်ဖြစ်သူကိုဖိုးဖြူက ဆိုသည်။
ရက်သတ္တတစ်ပတ်လျှင် တစ်ညသာ မိဘများနှင့်အတူအိပ်စပ်ပျော်ရွှင်ခဲ့ရသူလေးက စာမေးပွဲတွင်းဖြစ်သော ကြောင့် ယခုတစ်ပတ်တွင်အိပ်စက်ခွင့်မရခဲ့ရှာ။ စာသင်ဝိုင်းလေးတွင် အင်္ဂလိပ်စာများကို နှုတ်တိုက်ရွတ်ဆိုရေးသားနေပြီး သီတင်းကျွတ်တွင် မိဘများအိမ် သွားအိပ်ရမှာမို့ ပျော်မြူးတက်ကြွတက်နေမည်ထင်၏။
“ရင်းနှီးတဲ့မိတ်ဆွေတွေက နင်တရားနဲ့ဖြေနော်လို့ ပြောကတည်းက ကျွန်မကြိုပြီးသိသလိုဖြစ်သွားတယ်။ ဘယ် လိုမှ မဟန်နိုင်တော့ဘူး ” ဟု အောက်တိုဘာ ၁၆ရက်နေ့က အကြောင်းကို မိခင်ဖြစ်သူ မခင်နှင်းအေး က ပြောလာသည်။
အောက်တိုဘာလ ၁၅ရက်နေ့က သွယ်ဇင်ငြိမ်း၏ညီမဖြစ်သူ ဖျားနာနေခဲ့သဖြင့် မိဘများက ဂရုစိုက်ဆေးကုသ နေခဲ့ရသည်။ ယင်းသို့အပူမီးများဟပ်နေချိန်၌ မျှော်လင့်မထားဘဲ သမီးကြီး၏ အောက်တိုဘာ ၁၆ သတင်းဆိုးက သူတို့ အတွက် ယုံကြည်လက်ခံလိုက်ရဖို့ ခက်ခဲလွန်းနေသည်။
“ သဂြိုလ်စက်မှာ သမီးလေးကိုထားခဲ့ရမှ တစ်ကယ်ထားခဲ့ရပါပြီလား ဆိုပြီး အသိဝင်တော့တယ်။ ဖြစ်ပျက်နေ တာတွေက အိမ်မက် မက်နေသလိုပဲ။ ဒါအိမ်မက်လားမသိဘူး။ ဒီလိုဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးထားမိဘူး။ ဖြေပါလို့ ကျွန်မ ကို အားလုံးကပြောကြတယ်။ ဘယ်လိုမှမဖြေနိုင်သေးဘူး ။ ဘ၀အခြေအနေအရ သမီးလေးကိုပြည့်ပြည့်စုံစုံလေးနေစေချင်လို့ ရှင်ခွဲလည်းခွဲခဲ့ရတယ်။ ဒီတစ်ခါ သေခွဲခွဲပြီး အပြီးအပိုင်ထွက်သွားတာ ”

တိုက်လေယာဉ်ပျက်ကျမှုတွင် လေယာဉ်အစိတ်အပိုင်းထိမှန်၍ ဆုံးပါးခဲ့သည့် မသွယ်ဇင်ငြိမ်း
မိခင်တစ်ယောက်၏ ပရိဒေ၀မီးတောက်များက လွယ်လင့်တကူငြိမ်းအေးနိုင်မည်တော့ မဟုတ်။ သမီးကြီး တက္ကလိုလ်တက်လျှင် နောက်ကတစ်ကောက်ကောက်လိုက်မည်ဟု မခင်နှင်းအေးကဆုံးဖြတ်ထားသည်။ လှတပတသမီးမို့ ခေတ်ကာလအရ သူကစိတ်ချဟန်မတူ။ ဘ၀အခြေအနေတစ်ခုထူထောင်ပြီး စိတ်ချလက်ချပျော်လိုက်မည်ဟု သူက အားခဲထား ပြီး ခင်ပွန်းဖြစ်သူကို “ တော် စီးပွားရေးကိုသာ ဦးဆောင်ရှာ။ ကျွန်မက သမီးကြီးတက္ကသိုလ်တက်ရင် နောက်ကလိုက်မှာ ” ဟု တဖွဖွပြောထားခဲ့သည်။
အသန့်အပြန့်ကြိုက်လွန်းသူ ၊ မိဘများရင်ခွင်တွင် ပွတ်သီးပွတ်သပ်နေတတ်သူလေး မသွယ်ဇင်ငြိမ်း၏ “ ဖေကြီး ၊ မေကြီး ၊ငယ်လေး(ညီမလေး) ၊ လေးလေးနု(ဒေါ်လေး) ” ဟု ချစ်စဖွယ်ခေါ်တတ်သော အသံလေးများက မိသားစုနှစ်စု အတွင်း ခြောက်ကပ်သွားခဲ့ပြီဖြစ်သည်။
“အဒေါ်တွေက အေအဆင့်ရရင် လက်စွပ်လုပ်ပေးမှာတဲ့။ ဘီရရင် တစ်ဘာသာနှစ်ချက်ရိုက်မှာလို့ ပြောတော့ ငါ့သမီး ကြိုးစားလိုက်စမ်းပါ။ အမေတို့နဲ့က ဘယ်အချိန်အိပ်အိပ် အိပ်လို့ရတယ်လို့ ပြောခဲ့မိတယ်။ စာမေးပွဲတွင်းဆိုတော့ နောက် ကို မတွေ့ရဘူးဆိုတဲ့အတွေးနဲ့ သမီးလေးနဲ့ ဓါတ်ပုံတွဲရိုက်ထားသေးတယ်။ မလှသေးဘူးတဲ့ ဖျက်လိုက်ဦးဆိုလို့ ပုံတွေထပ်ရိုက် ပေးခဲ့ရတယ်။ အဲလိုဖြစ်မယ်မှန်း စိတ်က သိနေလို့လားမသိဘူး။ အဲတာပဲ နောက်ဆုံးလေးပဲ။ အမှတ်တရဆိုလို့ ”
မိခင်တစ်ဦး၏ငိုရှိုက်သံက အမြှောက်ဆံ၊ဗုံးဆံတို့၏ ပေါက်ကွဲသံထက် ပြင်းမည်ထင်သည်။ မိသားစုဘ၀တစ်ခု ကို တင်ပြနိုင်ရန် သတင်းမေးရောက်နေသူ သတင်းထောက်များ၏ စိတ်နှလုံးများတွင်လည်း နာကျင်ကြေကွဲနေရပြီဖြစ်သည်။

မသွယ်ဇင်ငြိမ်း မကွယ်လွန်မီ သားအမိနှစ်ယောက် နောက်ဆုံးရိုက်ကူးခဲ့သည့် အမှတ်တရဓာတ်ပုံ
ကိုဖိုးဖြူ နှင့် မခင်နှင်းအေးတို့ ဇနီးမောင်နှံမှာ သမီးအတွက် အပူမီးတောက်နေရသော်လည်း ဘယ်သူ့ကြောင့် ဘာ့ကြောင့် ဆိုပြီး အပြစ်တင်နေဟန်မရှိဘဲ “ ခုလိုဖြစ်သွားတဲ့အပေါ်မှာလည်း ဘယ်သူ့ကိုမှ ဘာမှမပြောချင်ပါဘူး။ သူ့ရဲ့ ၀ဋ်ကြွေးပေါ့။ သူ့ အဖို့ပါလို့ပဲ ဖြစ်မှာပါ။ သမီးက ဒီလို အချိန်အခါ ဒီလောက်လေးပဲလာတာပေါ့နော်။ ယူကြုံးမရခံစားနေရတယ် ။ ခုမှ လူ့လောက ကြီးထဲကို ၀င်ခါစရှိသေးတယ်။ ငယ်သေးပါတယ်။ ကျွန်မသမီးလေးကို ခုလိုခေါ်သွားတာ ” ဟု ပြောခဲ့သည်။
မိဘများ၏ရင်ငွေ့ထက် အဒေါ်ဖြစ်သူများ၏ ရင်ငွေ့ကိုသာလှုံခဲ့ရသူ မသွယ်ဇင်ငြိမ်းကို အိမ်နာမည် ဖြူတုတ်ဟု အများကခေါ်ကြသည်။ သူ၏ရည်မှန်းချက် က အင်ဂျင်နီယာဖြစ်သည်။
“သူကအင်ဂျင်နီယာဖြစ်ချင်တယ်လို့ပြောတယ်။ ကျောင်းကပြောတယ်တဲ့။ ပညာတော်သင်သွားရင် လေယာဉ် နဲ့ သွားရမှာတဲ့။ သမီးလည်းစာတော်ရင် လေယာဉ်ပျံနဲ့သွားရမှာပေါ့ ၊ စာကြိုးစားဆိုပြီး ကျွန်မနဲ့ ပြောဖြစ်ကြတယ်။ ပိုက်ဆံ ကုန်စရာမလိုဘူး ။ နိုင်ငံတော်ကထောက်ပံ့မှာဆိုတော့ သမီးကြိုးစားမယ်လို့ ပြောတယ်။ ခုတော့ —-”
အဒေါ် နှင့် တူမလေးတို့၏ စကားများက အမှတ်ရစရာ ၊ ကြေကွဲစရာများဖြစ်နေခဲ့သည်။ ရီပို့ကတ်တွင် A အဆင့်ရတိုင်း အမေကိုလာပြတတ်သည့် ကျောင်းသူမလေးတစ်ယောက်၏အနာဂတ်များ ၊ မျှော်လင့်ရည်မှန်းချက်တို့သည်လည်း အောက်တိုဘာ ၁၆ရက်နေ့ နံနက်ခင်းတွင်အုံ့ဆိုင်းခဲ့သောမြူများနှင့်အတူ လွင့်ပျောက်သွားပြီဖြစ်သည်။

မသွယ်ဇင်ငြိမ်း၏အဒေါ် မနုနုဝင်း
“ဖြစ်တဲ့အချိန်မှာ သမီးလေးဘယ်လောက်များ ခံစားသွားရမလဲ တွေးနေမိတယ် ” မိခင်တစ်ယောက်၏ ငေးမောကြေကွဲနေသည့်အကြည့်များကြားက နှုတ်ခမ်းဖျားမှာ တစ်ဆတ်ဆတ်နှင့်လှုပ်ခါနေခဲ့သည်။
“ခုဘ၀မှာ သမီးခံစား သွားရတဲ့အဖြစ်မျိုး နောက်ဘ၀တွေမှာ မကြုံရပါစေနဲ့။ အဲလိုကံမျိုးတွေလည်း မပါပါ စေနဲ့။ ဒီလိုဖြစ်တာ ဒီဘ၀ နောက်ဆုံး အကြိမ်ဖြစ်ပါစေလို့ ဆုတောင်းတယ်။ တစ်ကယ်လို့သာ သမီးလေးက ပြန်လာချင်တယ် ဆိုရင် ပြန်ခေါ်ချင်ပါတယ်။ ဒီတစ်ခါပြန်လာရင် ကျွန်မ မခွဲတော့ဘူး။ ဆင်းရဲလို့ ကျွန်မဘ၀ဘယ်လိုပဲ ရုန်းကန်ရပါစေ သမီးနဲ့ ဒီ တစ်ခါ မခွဲတော့ဘူး။ ပြန်လာမယ်ဆို ကျွန်မလက်သင့်ခံမယ် ”
သတင်းထောက်များကို ပြောနေသည်လား ၊ သူမတစ်ကိုယ်တည်းရေရွတ်နေသည်လား မသဲကွဲသည့် စကား သံများက အခန်းငယ်တစ်ခုအတွင်း ပျံ့ကျဲနေခဲ့သည်။ မိသားစုဝင်များ၏ ငိုရှိုက်သံများက ဟိုမှသည်မှ ထွက်ပေါ်လာနေပြီး သတင်းထောက်များကလည်း မေးခွန်းထုတ်ဖို့ ဆွံ့အနေကြသည်။
နှုတ်ဆက်ပြီး ပြန်လာကြသည့် သတင်းထောက်များမှာ မင်းဘူးမြို့ ၊ ဈေးဟောင်းကမ်းနားလမ်းမှ လက်ဖက်ရည် ဆိုင်တစ်ခုတွင် စုဝေးထိုင်ကြရင်း စကားပြောဖို့ မေ့နေကြသလိုဖြစ်နေခဲ့သည်။ သတင်းအနေဖြင့် တင်ဆက်ပြီးကြသော်လည်း အင်တာဗျူးကို ရေးရန် အတော်အားယူနေခဲ့ရသည်။
ဒီအချိန်တွင် တပ်မတော်မှ လေယာဉ်မှူးနှစ်ဦး၏ မိသားစုများမှာလည်း သောကမီးများ တောက်နေကြမည်ဖြစ် သည်။ သားသမီးကိုဆုံးရှုံးခဲ့ရသည့် မိသားစုတစ်စု ၊ ခင်ပွန်းသေဆုံး ၊ဖခင်သေဆုံး၍ ယူကြုံးမရဖြစ်နေသော မိသားစုနှစ်စုတို့၏ ပုံရိပ်များက တစ်တိုင်းတစ်ပြည်လုံး၏ စာနာတတ်သူများ၏ရင်ဘတ်ကို ထိခိုက်နာကျင်စေခဲ့သည်။ နှစ်သိမ့်ကူညီမှုများလက်ခံရ နေသော်လည်း ရတာ နှင့် လိုတာ သဟဇာတမဖြစ်နိုင်သောကြောင့် သူတို့၏ မျက်ရည်များခမ်းကြလိမ့်မည် မဟုတ်။
အကြောင်းကြောင်းကြောင့် လေသူရဲနှစ်ဦး၏ မိသားစုများနှင့်မတွေ့ဆုံဖြစ်ခဲ့သော်လည်း စာနာဝမ်းနည်းမှုက သတင်းထောက်များအဖို့ ထပ်တူကျပါလိမ့်မည်။ နှစ်သက္ကရာဇ်တစ်ခုတစ်ပတ်လည်တိုင်း လူမှုကွန်ယက်များတွင် အောက်တိုဘာ ၁၆ ရက်နေ့၏ ကြေကွဲမှုများက ပြန်လည်ပျံ့နှံ့နေဦးမည်ဖြစ်သည်။ ကြေကွဲမှုအသစ် ၊ သတိရခြင်းအသစ်များဖြင့် သွားလေသူများ အတွက် ကုသိုလ်အသစ်အသစ်တွေ ပြုကြရဦးမည်ဖြစ်သည်။
ဇေယျတု(မကွေး)

News Watch

Loading...

Facebook Comments