မော်​လမြိုင်မှာ ယာဉ်ထိန်းရဲကို ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတဲ့သူကို ဖမ်းမိပြီ

မော်​လမြိုင်​၊​အောက်​တိုဘာ ၁၇

မော်​လမြိုင်မြို့မှာ ယာဉ်ထိန်းရဲကို ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ကာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြစ်မှုကျူးလွန်သူကို ဒီကနေ့မနက်​မှာ ဖမ်းဆီးရမိလိုက်ပြီလို့ မြိုင်​သာယာမြို့မရဲစခန်းက​ပြောပါတယ်​။

“ဖမ်းမိပါပြီ။မနက်​ ၅နာရီ​ကျော်​က ရာဇဓိရာဇ်​လမ်းမမှာမိတာပါ”လို့ မြိုင်​သာယာမြို့မရဲစခန်းရဲ့ တာဝန်​ကျရဲအရာရှိတစ်​ဦးက​ပြောပါတယ်​။

အဆိုပါတရားခံဟာ နိုင်ပိုက်ထွေး (ခ ) ဇော်မင်းဦးဖြစ်​ပြီး ယ​နေ့မနက်​ ၅နာရီ၂၅မိနစ်​က မြိုင်​သာယာရပ်​ကွက်​၊ရာဇဓိရာဇ်​လမ်းမ​ပေါ်မှာ အ​ရှေ့​တောင်​တိုင်းဌာနချုပ်​နဲ့ အရပ်​ဖက်​အဖွဲ့အစည်း၊နယ်​​မြေခံရဲတပ်​​ဖွဲ့​တွေပူး​ပေါင်းပြီး ကင်းပုန်း​စောင့်​ဆိုင်းကာ ဖမ်းဆီးမိခဲ့တာဖြစ်​ပါတယ်​။

ယခုဖမ်းဆီးမိတဲ့တရားခံဟာ အောက်တိုဘာလ ၁၄ ရက်နေ့က မော်လမြိုင်မြို့နယ် မြိုင်သာယာရပ် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းထောင့် (ယဉ်နုကြေးအိုးဆိုင်နား) လမ်းထောင့် ဆုံမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ တားဆီးမှုကိုရပ်မပေးဘဲ မောင်းပြေးခဲ့တာဖြစ်ပါတယ်။

မောင်းပြေးတဲ့အတွက် အမှတ်၇၇ ယာဉ်ထိန်းရဲတပ်ဖွဲ့စုက နောက်ကနေလိုက်လံဖမ်းဆီးခဲ့ရာ ၎င်းဟာယာဉ်ထိန်းရဲကို ကားနဲ့တိုက်​ပြီး ယာဉ်ပေါ်ပါလာတဲ့သေနတ်​နဲ့ ယာဉ်ထိန်းရဲကို ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်မှာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အရပ်သား တစ်ဦး သေနတ်ထိမှန်ခဲ့တယ်လို့သိရပါတယ်။

လက်​ရှိမှာ တရားခံကိုမြိုင်​သာယာရဲစခန်းမှာ ဖမ်းဆီးထားပြီးမွန်​ပြည်​နယ်​ရဲတပ်​ဖွဲ့မှူး​ကိုယ်​တိုင်​ လာ​ရောက်​စစ်​​ဆေး​နေပြီး ပုဒ်​မ ၃၀၇/၁၃၃/၁၁၄တို့နဲ့ လတ်​တ​လောအမှုဖွင့်​အ​ရေးယူထားကြောင်းသိရပါတယ်။

သီဟ

Popular News Journal

Loading...

Facebook Comments