ကြက်ဥတစ်နေ့တစ်လုံးစားရင် ရရှိလာနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ငယ်ငယ်က ဒေါက်တာစု တစ်ယောက်နေမကောင်းဖြစ်ချိန်ဆို အမေက ကြက်ဥကျွေးပါတယ်။
“အားရှိအောင်”လို့တဲ့။
ဒေါက်တာစုတစ်ယောက် ဆေးကျောင်းရောက်လို့ ဆရာကြီးတွေ ခွဲစိတ်ဆောင်မှာ လူနာကြည့်ပြီဆိုရင် အနာကျက်တာနှေးတဲ့ လူနာတွေဆိုရင် ” ကြက်ဥ တစ်နေ့တစ်လုံးစားလေ အနာမြန်မြန်ကျက်အောင်” ဆိုပြီးပြောပြန်ရော။

ဒေါက်တာစုတစ်ယောက်အမြဲ စဉ်းစားဖြစ်တယ်။ ဒီလောက်ဈေးသက်သာပြီး လွယ်လွယ်ဝယ်လို့ရတဲ့ ကြက်ဥက အာ့သလောက်တောင်ကောင်းသလားပေါ့။ အများအားဖြင့် ဈေးကြီးမှ ကောင်းကြကတာကိုး။

အခုလည်း ဒေါက်တာစုတစ်ယောက် ကြက်ဥအကြောင်း ကိုယ့်လို သိချင်ကြမယ်ထင်လို့ ဒေါက်တာဇီဝက မှ ဆောင်းပါးအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

၁. ကြက်ဥမှာ ဗီတာမင် ကြွယ်ဝစွာပါဝင်တယ်။
ဒါကြောင့်အမေတွေက နေမကောင်းဖြစ်ရင် ကြက်ဥကျွေးတာနေမယ်လို့တောင်တွေးမိပါတယ်။ ဟော ကြည့်လေ ကြက်ဥလေးတစ်လုံးမှာဗီတာမင်အားဆေးလိုပဲ ဗီတာမင် A,D,E,K, Zinc တွေ အကုန်ပါဝင်တယ်ဆိုတော့ အတော်အားရှိစေတဲ့အစားအစာလို့ပြောရမှာပါ။

၂. ကြက်ဥမှာ အရေအသွေးပြည့်ဝတဲ့ အသား Protein ဓာတ်ကြွယ်ဝစွာပါတယ်။
Protein ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့အခြေခံအုတ်မြစ်ပါ။ Protein ဓာတ်ပြည့်ဝမှ ကြွက်သားတွေကြီးထွားလာမယ်။ အဆီနေရာမှာ အသားတွေတက်လာလို့ ဝိတ်ကျစေမယ်။ အရိုးကျန်းမာရေးကောင်းစေမယ် စတဲ့ အကျိုးတွေရရှိနိုင်မှာပါ။

၃. ကြက်ဥဟာ သွေးတွင်းအဆီ ဓာတ်မတက်စေပါဘူး။
ဒါကတော့ ကြက်ဥ အနှစ်မှာ အဆီ Cholesterol များတယ်ဆိုပြီးထင်နေသူတွေအတွက်မမှန်ဘူးဆိုတာ ပြောချင်လို့ပါ။ စားလိုက်တဲ့ အဆီဓာတ်တိုင်းကသွေးထဲကို တန်းပြီးရောက်တာမဟုတ်ပါဘူး။ အသည်းက နေ့စဉ် သူ့လုပ်ငန်းဆောင်တာ အဆီဓာတ်တွေသွေးထဲကို ထုတ်နေတာပါပဲ။ အဆီတွေစားလိုက်တော့ အသည်းကထုတ်တာနည်းပြီး မကောင်းတဲ့အဆီတွေကျနိုင်တယ်လို့တောင်ယူဆလို့ရပါတယ်။ ကြက်ဥ ပုံမှန်စားသူ ၇၀%ဟာ သွေးတွင်း Cholesterol ဓာတ်မတက်တာကို သက်သေအဖြစ်တွေ့ရှိထားတာမို့ စိတ်ချလက်ချစားနိုင်ပါတယ်။

၎. ကြက်ဥမှာ Choline ဓာတ်ကြွယ်ဝစွာပါတယ်။
ဗီတာမင် B မျိုးနွယ်ဝင် Choline ဟာ အစားအစာအတော်များများမှာ မပါတတ်ပါဘူး။ အာရုံကြောလေးတွေ လုပ်ဆောင်ရေးမှာ အရေးပါတဲ့ Choline ကို ကြက်ဥမှာ အများအပြားပါတာ အံ့သြဖွယ်တွေ့ရပါတယ်။

၅. ကြက်ဥဟာရေတိမ်မဖြစ်အောင်ကာကွယ်ပေးတယ်။
ကြက်ဥထဲမှာ Lutein ကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး ဒီပစ္စည်းတွေက အသက်ကြီးလို့ ရေတိမ်ဖြစ်တာ၊ မျက်စိမှန်ဘီလူးပျက်စီးတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ဒီဓာတ်က ကြက်ဥရဲ့ အနှစ်မှာ အဓိက ပါဝင်ပါတယ်နော်။

၆. ကြက်ဥ ဟာ ဝိတ်ကျစေပါတယ်။
ကြက်ဥနဲ့ ဝိတ်ချနည်းဆိုပြီးတောင် ပေါ်လာတယ်ဆိုတော့ ကြက်ဥက ကိုယ်အလေးချိန်ကျစေတယ်ဆိုတာတော့ သေချာပါတယ်။ ကြက်ဥဟာ ကယ်လိုရီအလွန်နည်းပြီး အသားဓာတ်များတာမို့ ဝိတ်ချတဲ့နေရာ မှာ အားပြတ်တာမျိုးမဖြစ်စေဘဲ စိတ်ချလက်ချစားနိုင်ပါတယ်။
ကြက်ဥကြီးပဲ စားတာမျိုးကိုတော့ သိပ်အားမပေးပါဘူးနော်။

ကဲ ဘာကြည့်နေသေးလဲ ကြက်ဥ သွားဝယ်စားတော့လေ။

Credit: မယ်တင်(ဆေး ၁)

Loading...

Facebook Comments