ဖုယွင်အထည်ချုပ်စက်ရုံ ပဋိပက္ခ၊ ဥပဒေအရ အရေးယူမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

ဖုယွင်အထည်ချုပ်စက်ရုံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး ဥပဒေအရ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်နေသည့်အလုပ်သမားများအား အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက လူတစ်စုမှ ဝင်ရောက်ရိုက်နှက်ခဲ့ခြင်းကြောင့် ဆန္ဒဖော်ထုတ်နေသူ ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၌ အတွင်းလူနာအဖြစ် (၇)ဦးအထိ ပြသခဲ့ရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် နေ့စဉ် ဆန္ဒပြနေသည့် အလုပ်သမားများနှင့် စက်ရုံသို့အလုပ်ဆင်းသည့် အလုပ်သမားများအကြား အချင်းချင်းစကားများရာမှ ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည် ဟုလည်း ဆိုထားသည်။

သို့သော်လည်း ဆန္ဒပြသူများကို ဝင်ရောက်ရိုက်နှက်သူများသည် စက်ရုံအလုပ်သမားများမဟုတ်ဘဲ စက်ရုံပိုင်ရှင်မှ ငှားရမ်းထားသည့် လူမိုက်များ ဖြစ်သည်ဟု စက်ရုံရှေ့တွင် နေ့စဉ်ဆန္ဒပြနေသည့် အလုပ်သမားများ၏ ပြောဆိုမှုများအရ သိရသည်။

FU YUEN (ဖုယွင်)အထည်ချုပ် စက်ရုံသည် တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၉)ရပ်ကွက်၊ စက်မှုဇုံ(၁)၊ ကနောင်မင်းသားကြီးလမ်းပေါ်တွင် တည်ရှိသည်။

ယင်းသို့ စက်ရုံရှေ့ရှိ အလုပ်သမားများ အကြမ်းဖက်ရိုက်နှက်ခံခဲ့ရခြင်းကြောင့် ယင်းဖြစ်ရပ်ကို မကျေနပ်၍ ရပ်ကွက်တွင်း နေထိုင်သူများက စက်ရုံအားဝိုင်း၍ ဆန္ဒပြနေသလို စက်ရုံအတွင်းရှိ အလုပ်ရှင်မှ ငှားရမ်း ထားသည့် လူမိုက်များနှင့် အပြန်အလှန် ခဲများဖြင့် ပစ်ပေါက်ခြင်းများ ရှိနေသည်။

စက်ရုံ အလုပ်သမား(၃၀)ဦး အလုပ်မှထုတ်ပယ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၃ ရက်နေ့ ကတည်းက စတင်ကာ အလုပ်သမားများက ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

Credit :www.mizzimaburmese.com

Loading...

Facebook Comments