အငှားယာဉ်မောင်းကို ဓားနဲ့ခြိမ်းခြောက်ပြီး ငွေနဲ့ဖုန်းလုသွားတဲ့ အသက် ၂၀ ၀န်းကျင် လူငယ် ၂ဦးကို ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၂၇

ယမန်နေ့က ရန်ကုန်မြို့ မှာ အငှားယာဉ်မောင်းတစ်ဦးကို ဓားနဲ့ခြိမ်းခြောက်ပြီး ငွေနဲ့ဖုန်းလုသွားတဲ့အမှုဖြစ်စဉ်မှာ ကျူးလွန်သူတွေဖြစ်တဲ့ အသက် ၂၀ အရွယ်လူငယ် ၂ ဦး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ပြီလို့ သိရပါတယ်။

ကားမှာတပ်ထားတဲ့CCTV မှတ်တမ်းအရ စုံစမ်းခဲ့ရာမှာ အဆိုပါ လူငယ် ၂ ဦးဟာ ရန်ကင်းမြို့နယ်၊ (၆) ရပ်ကွက်နေ ကျော်ဇင်ထွန်း(၂၀)နှစ်နဲ့ တစ်ရပ်ကွက်တည်းနေ အေးချမ်းပိုင် (၂၁)နှစ်တို့ဖြစ်တာကြောင့် သူတို့ ၂ ဦးကို တာမွေမြို့မရဲစခန်းမှာ (ပ) ၉၃၅/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၂ နာရီခွဲလောက်က ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နေ ဦးမိုးဇော်ဆိုသူဟာ TAXI မောင်းနေစဉ် ဆီဒိုးနားဟိုတယ်ရှေ့ အင်းယားကန်ဘောင်အရောက်မှာ အသက်(၂၀)ခန့် လူငယ် ၂ ဦးက ပုဇွန်တောင်ဈေးသို့  လိုက်ပို့ရန်ငှားတာကြောင့် လိုက်ပို့ပေးခဲ့ကြောင်း၊ ပုဇွန်တောင်ဈေးရောက်တဲ့အခါ ၎င်းတို့သူငယ်ချင်းမရှိတာကြောင့် မင်္ဂလာဈေးထပ်မံလိုက်ပို့ပေးဖို့ပြောရာ ထပ်မံလိုက်ပို့ပေးခဲ့ကြောင်း၊ ဒါပေမဲ့ မီးပွိုင့်အရောက် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ (၁၃၃) လမ်းထဲကို ၀င်ဖို့ပြောတာကြောင့် ယာဉ်ကိုမောင်းဝင်လိုက်စဉ် အဆိုပါလူငယ် (၂)ဦးအနက် တစ်ဦးက အရိုးအသွား(၅)လက်မ လောက်ရှိတဲ့ ဓားကို ထုတ်ပြီး ခြိမ်းခြောက်ကာ ငွေကျပ် ၈ သောင်းနဲ့ လက်ကိုင်ဖုန်းတစ်လုံးကို ယူဆောင်သွားကြောင်း တရားလိုရဲ့တိုင်တန်းချက်အပေါ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်အပြီး ဦးမိုးဇော် ဟာပတ်ဝန်းကျင်ကို အကူအညီတောင်းလို့ အဆိုပါလူငယ် ၂ဦးကိုရှာဖွေပေမယ့်လည်း မတွေ့ရှိတော့ကြောင်း၊ ဒါကြောင့် နေအိမ်ကိုပြန်ပြီး ယာဉ်ပေါ်ပါ CCTV မှတ်တမ်းကိုစစ်ဆေးခဲ့ကာ ရဲစခန်းမှာတိုင်တန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source:Popular News Journal

 

Loading...

Facebook Comments